အတ္ထရံမြစ်ရေမှာ သြဂုတ် ၁၉ ရက် နံနက်ပိုင်း တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် ၅၂၀ စင်တီမီတာအောက် ကျဆင်းသွားပြီး ၄၈၃ စင်တီမီတာသို့ ရောက်ရှိသွားသော်လည်း ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“ရေကတော့ လျော့ဆင်းသွားပြီ။ ရေလျော့သွားတော့ ကားလမ်းတွေ ပေါ်လာတဲ့အတွက် သွားရေးလာရေး အဆင်ပြေသွားပြီ။ ဒါပေမဲ့ လမုခိုကျေးရွာအုပ်စုဘက်က အောင်ဗလကုန်းရွာ အပါအဝင် ကျေးရွာတွေကတော့ မြုပ်နေသေးတယ်။ ဖားဘောင်ကွက်သစ်ဘက်မှာဆိုရင်လည်း ရေကအများကြီး ရှိနေသေးတယ်”ဟု ကျိုက်မရောမြို့နယ် လမုခိုကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာမှ ဦးခင်အောင်က ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ရေလုံးဝ ပြန်ကျသွားမယ် ဆိုရင်တော့ စိုက်ပျိုးရေးနဲ့ ပတ်သက်လို ့မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေ လိုအပ်ချက်တွေ ရှိလာနိုင်တယ်။ ပညာရေးနဲ့ ပတ်သက်လို့လည်း ကျောင်းတွေက ရေမြုပ်ကုန်တော့ လိုအပ်ချက်တွေ ရှိနိုင်တယ်။ နောက်ကျန်းမာရေးနဲ့ ပတ်သက်လို ့ရေပြန်ကျသွားရင် ရေတွင်းရေကန်တွေကို ဆေးခပ်ရမယ်။ အဲဒါတွေ လိုအပ်လာနိုင်တယ်”ဟု ပြောကြားသည်။
သြဂုတ် ၁၉ ရက်တွင် အတ္ထရံမြစ်ရေမှာ သိသိသာသာ ပြန်လည် ကျဆင်းသွားပြီ ဖြစ်သော်လည်း မိုးဆက်ရွာနေသည့်အတွက် ရေပြန်တက်မည်ကို စိုးရိမ်နေကြကြောင်း၊ လက်ရှိ အခြေအနေရ ကျိုက်မရောမြို့ပေါ် ရပ်ကွက်များ ပြန်ပေါ်လာသော်လည်း အချို့ရွာများမှာ ရေမြုပ်နေဆဲ ဖြစ်ကြောင်း ကျိုက်မရောမြို့ခံ ကိုလင်းထွန်းက ပြောကြားသည်။
“ရေဘေး ကူညီကယ်ဆယ်ရေး လာကြတဲ့ အလှူရှင်တွေအနေနဲ့ လက်ရှိ ကျိုက်မရောမှာ စားသောက်ကုန်နဲ့ အသုံးအဆောင် ပစ္စည်းတွေက လုံလောက်သလောက် ဖြစ်နေပြီ။ ပြန်လည်ထူထောင်ရေးကိစ္စမှာ အဓိကက လယ်သမားတွေအတွက် မျိုးစပါးနဲ ့ဓာတ်မြေသြဇာ လိုအပ်ချက်တွေ ရှိလာမယ်။ အစိုးရက လုပ်ပေးတာ၊ မလုပ်ပေးတာ တစ်ပိုင်းပေါ့လေ”ဟု ကိုလင်းထွန်းက ဆက်လက် ပြောကြားသည်။
“အတ္ထရံမြစ်ရေကတော့ စိုးရိမ်ရေမှတ် အောက်ကိုတော့ ကျသွားပြီ။ သြဂုတ် ၁၃ ရက်က အမြင့်ဆုံးတက်ခဲ့တဲ့ ရေ Level နဲ့ဆိုရင် သိသိသာသာ ကျသွားပေမဲ့ နှစ်စဉ်ရေကြီးနေကျ ရေ Level မှာ ရှိနေတုန်းပဲ။ အခုအချိန်အထိလည်း ရေကြီးနစ်မြုပ်မှုတွေ ရှိနေသေးသလို ရေဘေးရှောင် ပြည်သူတွေလည်း ရှိနေတုန်းပါပဲ”ဟု ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောကြားသည်။
ယခုနှစ် ရေကြီးရေလျှံမှုသည် ဆိုးဝါးသွားသည့်အတွက် ကျိုက်မရောမြို့နယ်အတွင်း တံတား လေးစင်းခန့် ကျိုးသွားသည့်အပြင် တံတား မကျိုးသော်လည်း ရေတိုးအားကြောင့် ယိုင်သွားသည့် တံတားများလည်း ရှိကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ များပြားသည့်အတွက် လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးမှု မည်မျှရှိသည်ဆိုသည်ကို တွက်ချက်နိုင်ခြင်း မရှိသေးကြောင်း ဒေါ်ခင်မျိုးမြင့်က ပြောကြားသည်။
ကျိုက်မရောမြို့နယ်အတွင်း လက်ရှိအခြေအနေအထိ ရေဘေးရှောင်စခန်းများ ဆက်လက် ဖွင့်လှစ်ထားရသေးကြောင်းနှင့် ရေဘေးကြောင့် အိမ်ထောင်စု ၇၀၀၀ ကျော်မှ လူဦးရေ ၅၀၀၀၀ ကျော်မှာ ရေဘေးသင့်နေဆဲ ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ရေဘေးကွပ်ကဲရေးရုံး၏ စာရင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
