Top News

ဇန်နဝါရီမှ သြဂုတ် ၁၀ ရက်အထိ တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၃၀၄၈ ဦးတွင် သေဆုံးသူ ၆၈ ဦးရှိပြီး ဧရာဝတီ၊ ရန်ကုန်တိုင်းနှင့် ရခိုင်၊ ကချင်၊ မွန်ပြည်နယ်တို့တွင် ဖြစ်ပွားနှုန်း အများဆုံးဖြစ် 
24htopnews | December 3, 2024 1:12 PM CST

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ သြဂုတ် ၁၀ ရက်အထိ တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၃၀၄၈ ဦးတွင် သေဆုံးသူ ၆၈ ဦး အထိရှိပြီး ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရခိုင်၊ ကချင်၊ မွန်ပြည်နယ်တို့တွင် ဖြစ်ပွားနှုန်း အများဆုံးဖြစ်ကြောင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ စက်တင်ဘာ ၄ ရက်က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အခြေအနေမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ သြဂုတ် ၁၀ ရက်အထိ ကူးစက်ရက်သတ္တပတ် အပတ်စဉ် ၅၂ အထိ ဖြစ်ပွားသူပေါင်း ၁၃၀၄၈ ဦးရှိပြီး သေဆုံးသူ ၆၈ ဦး ရှိခဲ့ကြောင်း၊  အဖြစ်အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် တို့ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ၂၃၅၀ တွင် သေဆုံးသူ ရှစ်ဦးဖြင့် ဖြစ်ပွားနှုန်း အများဆုံးဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းရဲ့ သွေးလွန်တုပ်ကွေး အခြေအနေကို ကြည့်မယ်ဆိုရင် လအလိုက် ဆိုရင်တော့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းတွေက များတတ်ပါတယ်။ ဇူလိုင်လမှာဆိုရင် အဖြစ်အများဆုံး ဖြစ်တတ်တာကို တွေ့ရပါတယ်။ နှစ်စကနေစပြီးတော့  သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုတွေကို စောင့်ကြပ် ကြည့်ရှုတာတွေ လုပ်ခဲ့တယ်။ သွေးလွန်တုပ်ကွေး အဖျားရောဂါက ပုံမှန်ရာသီ အကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးရောဂါ လက္ခဏာတွေနဲ့  ကွာခြားမှု မရှိတဲ့အတွက် ကလေးမိဘတွေ အခြေခံ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ တုပ်ကွေးဖျား အထူးသဖြင့် ကလေးသူငယ်တွေမှာ ဖျားနာလာရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေကို အမြဲထည့်သွင်း စဉ်းစားဖို့လိုပါတယ်” ဟု  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး  (ရပကန)  ဒေါက်တာ အေးမွန်မွန်ကျော်က ပြောကြားသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ဒဂုံ (အရှေ့)၊ သန်လျင်၊ လှည်းကူး၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ဖြစ်ပွားနှုန်း အများဆုံးဖြစ်နေပြီး ယခုနှစ်အတွင်း လှိုင်သာယာမြို့နယ်၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ များပြားလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံများတွင် ၁၉၅၅-၁၉၅၉ ခုနှစ် ငါးနှစ်တာအတွင်း  သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉၀၅ ဦးသာရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း နှစ်စဉ်လူဦးရေ နှစ်သန်းကျော်အထိ ရောဂါဖြစ်ပွားမှု မြင့်တက်လာကြောင်း၊   မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ၁၉၇၄-၁၉၇၆ ခုနှစ်တွင် လူဦးရေ ၆၀၀၀ ကျော်သာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်အတွင်း လူ ၄၀၀၀၀ ကျော်အထိ ဖြစ်ပွားမှု မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးမျိုးစိတ် (၁) ကို မွန်ပြည်နယ်တွင် သုံးဦး၊ ပဲခူး (အရှေ့) တွင် နှစ်ဦး၊ ပဲခူး (အနောက်) တွင် တစ်ဦး၊ ကရင်ပြည်နယ်တွင် ၁၃ ဦး၊ ရခိုင်ပြည်နယ်တွင် နှစ်ဦး၊ စစ်ကိုင်းတိုင်းတွင် နှစ်ဦး၊ ရှမ်း (အရှေ့) တွင် လေးဦး၊ တနင်္သာရီတိုင်းတွင် ၁၆ ဦး၊ ရန်ကုန်တိုင်းတွင် ၁၅ ဦးနှင့် အခြားဒေသများတွင် ငါးဦး တွေ့ရှိခဲ့ကြောင်း  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး စီမံချက်မှ ရရှိသည့် အချက်အလက်များအရ သိရသည်။

 

 


READ NEXT
Cancel OK