Top News

ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ် လေ့လာခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် အိမ်ရာ ငွေကြေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ မြန်မာ- ကိုရီးယား လက်မှတ်ရေးထိုး
24htopnews | December 3, 2024 1:12 PM CST

ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ် လေ့လာခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် အိမ်ရာ ငွေကြေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာ-ကိုရီးယား လက်မှတ် ရေးထိုးခဲ့ကြောင်း စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ Lotte Hotel တွင်ပြုလုပ်သည့် ကိုးရီးယား-မြန်မာ စီးပွားရေးဖိုရမ်မှ သိရသည်။

“ယခုအခါ ကိုရီးယားနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ ကိုရီးယား-မြန်မာ စက်မှုဇုန် (KMIC) နဲ့ ဒလ ချစ်ကြည်ရေးတံတား တည်ဆောက်ရေး စီမံကိန်းများကို စတင် အကောင်အထည်ဖော်ခြင်းနှင့် တစ်ပြိုင်နက် ဒလမြို့သစ် စီမံကိန်းအတွက် အကြိုလေ့လာမှုကို ဆောင်ရွက်နိုင်တာဟာ အချိန်အခါ အလွန်ကောင်းမွန် သင့်တော်လှပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆိုသည်။

ဒလမြို့သစ် စီမံကိန်းအတွက် အကြိုဆန်းစစ် လေ့လာခြင်းဆိုင်ရာ နာလည်မှု စာချွန်လွှာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်  Korea Land and Housing Corporation တို့အကြား လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကိုရီးယား KB Kookmin Bank တို့အကြား အိမ်ရာ ငွေကြေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

“ယခုကဲ့သို့ MoU လက်မှတ် ရေးထိုးနိုင်ခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူနေထိုင်မှု အဆင့်မြင့်မားလာပြီး အိမ်ရာကဏ္ဍ ဖွ့ံဖြိုးတိုးတက်လာ၍ အမှန်တကယ် အိမ်ရာ လိုအပ်နေသော ဝင်ငွေနည်း ပြည်သူများအတွက် အိမ်ရာများ ပံ့ပိုးပေးနိုင်ခြင်း၊ အိမ်ရာ ပိုင်ဆိုင်နိုင်ရေးအတွက် အိမ်ရာ ဘဏ္ဍာငွေကြေး ထောက်ပံ့နိုင်ရေးအတွက် လိုအပ်သောစနစ်များ ထူထောင်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိစေနိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ထို့ပြင် ဒလမြို့နယ်ကို ဆိုလ်းမြို့ တစ်ဖက်ကမ်းကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရန် ကူညီပေးမည်ဟု တောင်ကိုရီးယားသမ္မတနိုင်ငံ သမ္မတ H.E Moon Jae In  က စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ Lotte Hotel တွင် ပြုလုပ်သည့် လှည်းကူးစက်မှုဇုန် စီမံကိန်းနှင့် ဒလမြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရေး အကြိုဆန်းစစ် လေ့လာခြင်း MoU လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ကတိပြု ပြောကြားသည်။

“ဆိုလ်းမြို့ရဲ့ တစ်ဖက်ကမ်းက တစ်ချိန်တုန်းက ခြောက်ကပ်နေခဲ့တယ်။ အခုဆို စည်စည်ကားကား ဖြစ်နေပြီ။ ဒလကိုလည်း အဲဒီလို မြို့သစ်စီမံကိန်းကြီးနဲ့ စက်မှုဇုန်တွေ ပါတဲ့ဟာမျိုး လုပ်မယ်။ တောင်ကိုရီးယားနိုင်ငံက ပါလာတဲ့ လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံပြီးတော့ ဒလတံတားကြီးနဲ့အတူ ဒလဘက်ခြမ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်”ဟု သမ္မတ H.E Moon Jae In က ဆိုသည်။

ထို့အတူ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်လည်း စက်မှုဇုန်တစ်ခု အကောင်အထည်ဖော်ရန် ကူညီပေးသွားမည် ဖြစ်ကြောင်း၊ ဒလမြို့နယ်အား တောင်ကိုရီးယား သမ္မတနိုင်ငံ အစိုးရအပြင် လုပ်ငန်းရှင်များကလည်း စိတ်ဝင်စားမှုရှိကြောင်း၊ ဒလမြို့သစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရန် ကူညီမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဆင့်သုံးဆင့် ထိုးရတယ်။ ပထမအဆင့်တော့ လုပ်ပြီးသွားပြီ။ နယ်နိမိတ် သတ်မှတ်တာတွေ၊ ကွင်းဆင်း တိုင်းတာတာတွေ၊ သတ်မှတ်တာတွေ လုပ်မှာပေါ့။ ကျွန်တော်ထင်တာတော့ နောက် နှစ်နှစ်၊ သုံးနှစ် လောက်မှ အကောင်အထည် ဖော်နိုင်မယ် ထင်တယ်။ ပြီးတော့ လွှတ်တော်မှာ တင်ရဦးမယ်။ လွှတ်တော်က ခွင့်ပြုပြီးတော့မှ အကောင်အထည်ဖော်ရမှာ ဖြစ်တယ်။ မြန်တာတော့ မြန်မယ်။ ကျွန်တော့် အမြင်အရတော့ နှစ်နှစ်လောက် ကြာဦးမယ် ထင်တယ်”ဟု ဒလမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။

ဒလမြို့သစ် စီမံကိန်းတွင် စက်မှုဇုန်များ၊ အထည်ချုပ်စက်ရုံများ၊ အထပ်မြင့် အဆောက်အအုံများ စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK