Top News

ဟောင်ကောင်တွင် မိုးရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှု သတိပေးချက်များ ထုတ်ပြန်ထားပြီး စာသင်ကျောင်းများကို ပိတ်ထား
24htopnews | December 3, 2024 3:12 PM CST

ဟောင်ကောင်တွင် နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှုများကြောင့် ရေ လွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မိုးရွာသွန်းမှုနှင့်ပတ်သက်ပြီး ဒုတိယအမြင့်ဆုံး သတိပေးချက်ကို အာဏာပိုင်များက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရေလွှမ်းမိုးမှုအန္တရာယ်ကို သတိပေးခဲ့ကာ စာသင်ကျောင်းများကို ပိတ်ခဲ့သည်။

ဟောင်ကောင်မိုးလေဝသအေဂျင်စီက ဒေသစံတော်ချိန် နံနက် ၆ နာရီတွင်း အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး တစ်နာရီအတွင်း မိုးရေချိန် ၅၀ မီလီမီတာရွာသွန်းနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

“မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနိုင်ပါတယ်”ဟု မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဟောင်ကောင်၏ မိုးလေဝသအန္တရာယ် အမြင့်ဆုံးသတိပေးချက်ဖြစ်သည့် အနက်ရောင်အဆင့် မထုတ်ပြန်မီအချိန်အထိ စတော့စျေးကွက်ကို ဆက်ဖွင့်ထားမည်ဟု ဆိုသည်။

မကြာသေးမီရက်ပိုင်းက တိုင်ဖွန်းဟိုက်ကွေးတိုက်ခတ်မှုနှင့် ဆက်နွှယ်သည့် မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်နေဆဲအချိန်မှာပင် နောက်တစ်ကြိမ် မိုးသည်းထန်စွာ ရွာသွန်းမှုအခြေအနေနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ဆန်ကွမ်အိုနှင့် ဆိုင်ခေါင် မြို့များတွင် ယခုသီတင်းပတ်အစောပိုင်းအထိ ရေလွှမ်းမိုးမှုနှင့် ရုန်းကန်နေရဆဲဖြစ်သည်။

ချမ်းသာကြွယ်ဝသူများနေထိုင်သည့် တိုင်တမ်ရပ်ကွက်၏ ဇိမ်ခံအိမ်တစ်လုံးသည် ပြိုကျမည့်အန္တရာယ်ကြောင့် ထိုအိမ်တွင်နေထိုင်သူများကို ဘေးလွှတ်ရာပြောင်းရွှေ့ရန် စက်တင်ဘာ ၉ ရက်တွင် အာဏာပိုင်များက  အမိန့်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စျေးဝယ်ကုန်တိုက်များ၊ မြေအောက်ရထားဘူတာရုံများ၊ မြေအောက်လှိုဏ်ခေါင်းများတွင် ရေများဝင်ခဲ့ပြီး လူနှစ်ဦးသေဆုံးကာ ၁၄၄ ဦးကျော် ဒဏ်ရာရခဲ့သည်။

ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာ သွန်းမှုများသည် စက်တင်ဘာ ၇ ရက်ကစတင်ခဲ့ပြီး မြို့၏မိုးလေဝသလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ တစ်နာရီအတွင်း မိုးရေချိန်သည် ၁၅၈ ဒသမ ၁ မီလီမီတာဖြစ်ပြီး ယင်းသည် မှတ်တမ်းစတင် ကောက်ယူသည့် ၁၈၈၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး မိုးရေချိန်ဖြစ်သည်ဟု ဆိုသည်။

“ဒါက အတော်လေးထိတ်လန့်သွားစေပါတယ်။ကျွန်တော် နေထိုင်တဲ့ခရိုင်မှာဒီလို ဆိုးရွားတဲ့ရေကြီးမှုမျိုး ဘယ်တုန်းကဖြစ်ခဲ့တယ်ဆိုတာတောင် မမှတ်မိအောင်အတော် လေးကြာခဲ့ပါပြီ”ဟု ၎င်း၏သက်ကြီးရွယ်အို မိဘများနှင့်အတူ ဝမ်ထိုင်ဆင်ခရိုင်တွင်နေထိုင်သည့် အသက် ၅၂ နှစ်အရွယ် ဂျက်ကီက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

နယ်စပ်တစ်ဖက်ခြမ်းရှိ တရုတ်၏နည်းပညာအချက်အချာမြို့ဖြစ်သည့် ရှန်ကျန်းတွင်လည်း အာဏာပိုင်များက မှတ်တမ်းစတင် ကောက်ယူသည့် ၁၉၅၂ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး စံချိန်တင်မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် အပူပိုင်းမုန်တိုင်းများကို ပြင်းထန်မှုပိုမိုမြင့် တက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။                                                 

Ref: AFP


READ NEXT
Cancel OK