Top News

လစ်ဗျား ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူ စုစုပေါင်း ၂,၃၀၀ ကျော်ရှိလာကာ လူ ၁၀,၀၀၀ ကျော် ပျောက်ဆုံးနေ
24htopnews | December 3, 2024 3:12 PM CST

လစ်ဗျားနိုင်ငံ၏ ဒါနားမြို့ကို ပျက်စီးသွားစေခဲ့သော ကပ်ဘေးအသွင် ရုတ်တရက်ရေကြီးမှုအတွင်း အနည်းဆုံးလူ ၂,၃၀၀ သေဆုံးသွားသည်ဟု စက်တင်ဘာ ၁၂ ရက်တွင် ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့ပြီး လူ ၁၀,၀၀၀ ကျော် ပျောက်နေသည်ဟု ဆိုသည်။

တစ်ကမ္ဘာလုံး စိုးရိမ်လာရသည့်အနေအထားတွင် နိုင်ငံအများအပြားက အကူအညီ များနှင့်ကယ်ဆယ်ရေးအဖွဲ့များကို အရေးတကြီး ကမ်းလှမ်းထားကြသည်။ စစ်မက်ဖြစ်ပွားနေသော လစ်ဗျားသည် ကြီးမားလှသည့် ဘေးဒုက္ခဖြစ်သည်ဟု ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလွန်ကြီးမားလှသော ထိခိုက်ပျက်စီးမှုများက လူဦးရေ ၁၀၀,၀၀၀ ခန့်နေထိုင်သည့် မြေထဲပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်သော ဒါနားကို အပိုင်းပိုင်းဖြစ်သွားစေသည်။ မြစ်ကမ်းပါးပေါ်က အထပ်မြင့်အဆောက်အအုံများ ပြိုကျကုန်ပြီး အိမ်များ၊ကားများသည် ထိန်းမနိုင်သိမ်းမရတက်လာသော ရေထဲတွင် ပျက်စီးကုန်သည်။

နှစ်ခြမ်းကွဲနေသော လစ်ဗျားနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု အစိုးရအဖွဲ့လက်အောက်ရှိ ကယ်ဆယ်ရေးအဖွဲ့များက ဒါနားတစ်မြို့တည်းတွင် ကနဦးသေဆုံးသူစုစုပေါင်း ၂,၃၀၀ ကျော်ရှိသည်ဟု အတည်ပြုထားပြီး လူ ၅,၀၀၀ ကျော်ပျောက်နေကာ လူ ၇,၀၀၀ ခန့် ထိခိုက်ဒဏ်ရာရထားသည်ဟု ဆိုသည်။

သို့ရာတွင် လစ်ဗျားအရှေ့ပိုင်းရှိ ပြိုင်ဘက်အစိုးရအဖဲဲွ့ထဲက တာဝန်ရှိသူများကဒါနားမြို့ရေကြီးရာတွင် ထောင်ချီသေဆုံးသည်ဟု ပြောကြားခဲ့ပြီး သေဆုံးသူစုစုပေါင်း အရေအတွက်သည် ၁၀,၀၀၀ ကျော်သွားနိုင် သည်ဟု ဆိုသည်။

မြေထဲပင်လယ်ကို တိုက်ခတ်သွားသော ဒန်နီရယ်မုန်တိုင်းသည် လွန်ခဲ့သောရက်ပိုင်းတွင် တူရကီ၊ ဘူဂေးရီးယား၊ ဂရိတို့ကိုမိုးများစေခဲ့ပြီးနောက် စက်တင်ဘာ ၁၀ ရက်တွင်  မုန်တိုင်းသည် လစ်ဗျားကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့သည်။

ဘန်ဂါဇီအရှေ့ဘက်မိုင် ၁၅၀ (ကီလိုမီ တာ ၂၅၀)ဝေးသော ဒါနားမြို့ကို တောင်ကုန်းများ ဝန်းရံနေပြီး နွေရာသီတွင် သာမန်အားဖြင့် ခြောက်နေသော မြစ်ကြမ်းပြင်က ပိုင်းခြားထားသည်ဆိုသော်လည်း ဒါနားမြို့သည် တံတားကြီးအချို့မျောပါသွားသည့် ရုတ်တရက်စီးလာသော ရွှံ့ဗွက်ရေပြင်အဖြစ်ပြောင်း လဲသွားသည်။

“သေတာ အလွန်များပါတယ်။ ထောင်ဂဏန်းကို ရောက်သွားနိုင်ပါတယ်”ဟု နိုင်ငံတကာကြက်ခြေနီအဖွဲ့နှင့် လခြမ်းနီကြက်ခြေနီအဖွဲ့တို့၏ တာမားရာမာဒန်ကပြောကြားခဲ့ပြီး လူ ၁၀,၀၀၀ ပျောက်နေသည်ဟု ဆိုသည်။

လစ်ဗျားအရှေ့ပိုင်းရှိ အခြားနေရာတစ်ခုကို ရောက်နေသော အန်ဂျီအိုအဖွဲ့ဖြစ်သည့် နော်ဝေဒုက္ခသည်အေဂျင်စီက “ရေကြီးတာတွေက ရွာတွေကို ရွာလုံးကျွတ် မြုပ်သွားစေပါတယ်။ သေသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်ပါတယ်”ဟု ပြောသည်။

“လစ်ဗျားနိုင်ငံအနှံ့ မြို့ရွာအသိုင်းအဝိုင်းတွေဟာ ပဋိပက္ခ၊ ဆင်းရဲမှု၊ နေရပ်စွန့်ခွာမှု စတာတွေကို နှစ်ချီခံခဲ့ကြရတာဖြစ်ပါတယ်။  အခုနောက်ဆုံးဖြစ်ပွားတဲ့ ဘေးအန္တရာယ်ဟာ အဲဒီပြည်သူတွေအတွက် အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ ဆေးရုံတွေနဲ့ ခိုလှုံရေးစခန်းတွေကို ဝန်နဲ့အားမမျှတဲ့အနေအထားဖြစ် စေပါလိမ့်မယ်”ဟု အဆိုပါအန်ဂျီအိုအဖွဲ့က ပြောကြားသည်။

လစ်ဗျားရုပ်သံကပြသသော ဗီဒီယိုတွင် ဒါနားရင်ပြင်၌ အလောင်းများကို စောင်များ၊ မွေ့ရာများဖြင့် ပတ်ထားသည်ကို တွေ့ရပြီး ဒါနားအရှေ့တောင်ဘက်ရှိမာဘူဘာရွာတွင်  နောက်ထပ်အလောင်းများကို တွေ့ရသည်။ 

စက်တင်ဘာ ၁၁ ရက်တွင် သေဆုံးသူ ၃၀၀ ကျော်ကို မြေမြှုပ်ခဲ့သည်။ မြေထဲပင်လယ်ထဲ စီးဝင်သွားသော မြစ်ထဲ၌ လူအများအပြားပျောက်သွားသည်ဟု ယူဆရသည်။

မုန်တိုင်းသည် ဘန်ဂါဇီနှင့် ဂျာဘားလ်အယ်လ်အက်ခဒါ တောင်ပေါ်ခရိုင်တို့ကို လည်းဝင်ရောက်ခဲ့သည်ဟု သိရသည်။

Ref: AFP

 


READ NEXT
Cancel OK