Top News

ကလေးပေါင်း သန်း ၃၃၀ ကျော် အလွန်ဆင်းရဲချို့တဲ့စွာ နေထိုင်နေရဆဲဖြစ်ဟု UNICEF ပြောကြား
24htopnews | December 3, 2024 3:12 PM CST

COVID-19 ကပ်ရောဂါသည် ကလေးသူငယ် ဆင်းရဲချို့တဲ့မှုကို အဆုံးသတ်ရန် ကြိုးပမ်းဆောင်ရွက်မှုကို သိသိသာသာ နှေးကွေးစေမှုနှင့်အတူ ကလေး ၃၃၃ သန်းကျော်သည် အလွန်ဆင်းရဲချို့တဲ့စွာ နေထိုင် နေရဆဲဖြစ်သည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သော စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေ (UNICEF)နှင့် ကမ္ဘာ့ဘဏ်တို့မှ အစီရင်ခံစာတွင် တွေ့ရှိချက်အရ ကပ်ရောဂါကြောင့် ကလေးငယ်သန်း ၃၀ အတွက် အလွန်အမင်းဆင်းရဲချို့တဲ့မှုတိုက်ဖျက်ရေးသည် ယခင်ခန့် မှန်းချက်ထက်များစွာလျော့နည်းသွားသည်ဟု ဆိုသည်။

ရလဒ်အနေဖြင့် ကလေးခြောက်ဦးတွင် တစ်ဦးဝန်းကျင်သည် တစ်ရက်လျှင် ၂ ဒသမ ၁၅ ဒေါ်လာအောက် လျော့နည်းသည့်ပမာဏဖြင့် ဆက်လက်ရှင်သန်နေထိုင်လျက်ရှိသည်ဟု ဆိုသည်။

“COVID-19 ပဋိပက္ခ၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့ စီးပွားရေးရိုက်ခတ်မှုတွေကနေ ပေါင်းစည်းဖြစ်ပေါ်လာတဲ့အကျပ်အတည်းတွေဟာ ဆင်းရဲချို့တဲ့မှုလျော့နည်းရေးလုပ်ငန်းစဉ်တွေကို ရပ်တန့်ပြီး ကလေးငယ်ပေါင်း သန်းချီကို အလွန်အမင်းဆင်းရဲချို့တဲ့စွာ နေထိုင်စေရပါတယ်”ဟု UNICEF အမှုဆောင်ဒါရိုက်တာ ကက်သရင်းရက်ဆဲလ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ယင်းအစီရင်ခံစာ၏ တွေ့ရှိချက်သည်  ၂၀၃၀ ပြည့်နှစ်တွင် ကလေးသူငယ်များ အ လွန်အမင်းဆင်းရဲချို့တဲ့ပပျောက်စေရေး ကုလသမဂ္ဂ၏ ရည်မှန်းချက်ကြီးသော ဆောင်ရွက်ချက်များတွင် နှောင့်နှေးမှုရှိနေကြောင်းကို ဖော်ပြနေသည်။

“ကလေးသူငယ်ပေါင်း ၃၃၃ သန်းကျော်ဟာ အခြေခံလိုအပ်ချက်တွေ မရရှိရုံသာမက ဂုဏ်သိက္ခာ၊ အခွင့်အလမ်း ဒါမှမဟုတ် မျှော်လင့်ချက်မဲ့နေပြီး အလွန်အမင်းဆင်းရဲချို့တဲ့စွာနေထိုင်နေရတဲ့ ကမ္ဘာကြီးဟာ တကယ့်ကို သည်းမခံနိုင်လောက်ပါဘူး”ဟု ကမ္ဘာ့ဘဏ်မှ ဆင်းရဲမွဲတေမှုနှင့် တရားမျှတမှုဆိုင်ရာ ကမ္ဘာ လုံးဆိုင်ရာညွှန်ကြားရေးမှူး လူးဝစ်ဖိလစ်လိုး ပက်ဇ်ကယ်ဗာက ပြောကြားခဲ့သည်။

အာဖရိက ဆာဟာရတိုက်ငယ်ရှိ ကလေးများ၏ ၄၀ ရာခိုင်နှုန်းသည် အလွန်အမင်း ဆင်းရဲချို့တဲ့စွာ ဆက်လက်နေထိုင်နေရဆဲဖြစ်သည်ဟု အစီရင်ခံစာတွင်တွေ့ရှိခဲ့ပြီး ယင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် အမြင့်ဆုံး ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်းရှိ အခြားဒေသများအားလုံးတွင် ကလေးသူငယ်များ အလွန်အမင်း ဆင်းရဲချို့တဲ့မှု တဖြည်းဖြည်းကျဆင်းနေသည်ကို တွေ့မြင်နေရသည့်တိုင် လူဦးရေ အလျင်အမြန်တိုးပွားလာခြင်း၊ COVID-19 နှင့် ရာသီဥတုနှင့်ဆက်နွှယ်သော သဘာဝဘေးအန္တရာယ်များအပါအဝင် အကြောင်းအရာပေါင်းများစွာသည် မကြာသေးမီနှစ်များအတွင်း ကလေးသူငယ်များ အလွန်အမင်း ဆင်းရဲချို့တဲ့မှုကို ပိုမိုဆိုးရွားစေသည်။

ကမ္ဘာ့ဘဏ်နှင့် UNICEF တို့က ကလေးသူငယ်များ ဆင်းရဲချို့တဲ့မှုကို တိုက်ဖျက်ရန်အတွက် နိုင်ငံများအနေဖြင့် ဦးစားပေးဆောင်ရွက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကလေးသူငယ် အကျိုးခံစားခွင့်အစီအစဉ်များကို ချဲ့ ထွင်ဆောင်ရွက်ရေးအပါအဝင် စီမံချက်များကို ပြဋ္ဌာန်းရန် တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့တွေ အခုချိန်မှာ ဒီကလေးတွေရဲ့ အရေးကိစ္စတွေကို မပျက်ကွက်နိုင်တော့ပါဘူး”ဟု UNICEF မှ ရက်ဆဲလ်က ပြောကြားခဲ့သည်။

“ကလေးသူငယ်ဆင်းရဲမှု အဆုံးသတ်ရေးဟာ မူဝါဒဆိုင်ရာ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

Ref: AFP


READ NEXT
Cancel OK