Top News

ဒန်နီရယ်မုန်တိုင်းကြောင့်ဖြစ်သည့် လစ်ဗျားရေကြီးမှုအတွင်း သေဆုံးသူ ၅၀၀၀ ကျော်ရှိလာပြီဟု ယူဆရ
24htopnews | December 3, 2024 3:12 PM CST

မုန်တိုင်းဒန်နီရယ်ကြောင့် ဆိုးရွားသည့်ရေဘေးနှင့် ကြုံတွေ့ခဲ့ရသည့် လစ်ဗျားနိုင်ငံအရှေ့ပိုင်းတွင် သေဆုံးသူ ၅၀၀၀ ကျော်ရှိလာပြီး လူပျောက်အရေအတွက်မှာလည်း ၁၀၀၀၀ ကျော်ရှိလာပြီဟု ယူဆရကြောင်း CNN သတင်းတွင်ဖော်ပြထားသည်။မုန်တိုင်းအရှိန်ကြောင့် အရှေ့ပိုင်းဒါနာမြို့တွင် ဆည်နှစ်ခုကျိုးပေါက်ခဲ့သည့်အတွက် မြို့တွင်းရေလွှမ်းသွားခဲ့ပြီး အဆောက်အအုံများလည်း မျောပါပျက်စီးသွားခဲ့သည်။

အာဏာပိုင်များပြောဆိုချက်အရ မြို့တွင်းရပ်ကွက်များအားလုံး ရေလွှမ်းသွားခဲ့ပြီး ဒါနာမြို့ရှိဆေးရုံများ လည်ပတ်မရတော့ကာ ရင်ခွဲရုံများလည်းပြည့်နေပြီဟု အရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဉ်ဌာနမှ ပြောခွင့်ရှိသူတစ်ဦးက CNN ကိုပြောသည်။ အလောင်းများက ရင်ခွဲရုံအပြင်ဘက် စင်္ကြံပေါ်တွင် ရှိနေကြသည်ဟုလည်း သူကဆိုသည်။

နိုင်ငံတကာကြက်ခြေနီအသင်းကြီးမှ တာဝန်ရှိသူတစ်ဦးကမူ လစ်ဗျားရေဘေးကြောင့် သေဆုံးသူမှာ အဆမတန်ဖြစ်ပြီး ပိုများလာနိုင်ဟုဆိုသည်။တူရကီကယ်ဆယ်ရေးအဖွဲ့များလည်း လစ်ဗျားအရှေ့ပိုင်းသို့ ရောက်နေကြပြီဟု အာဏာပိုင်များကပြောသည်။

ကုလသမဂ္ဂှနှင့် အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ပြင်သစ်၊ အီတလီ၊ ကာတာနှင့် တူနီးရှားတို့ကလည်း လစ်ဗျားသို့ အကူအညီပေးမည်ဟု ကမ်းလှမ်းထားသည်။

ပြင်သစ်က ဆေးကုသရေးအဖွဲ့အပြင် စစ်ဖက်နှင့်အရပ်ဖက်ဝန်ထမ်းများ စေလွှတ်ပေးထားပြီး တစ်နေ့လျှင် လူ ၅၀၀ ခန့် ကြည့်ရှုကုသပေးနိုင်လိမ့်မည်ဟု ပြင်သစ်အစိုးရက ပြောသည်။

ရေနံကြွယ်ဝရာ လစ်ဗျားနိုင်ငံတွင် အစိုးရနှစ်ရပ်ကွဲနေပြီး တစ်ခုက ထရီပိုလီအခြေစိုက် နိင်ငံတကာအသိအမှတ်ပြု အစိုးရအဖွဲ့ဖြစ်ပြီး ရေဘေးသင့်ရာနိုင်ငံအရှေ့ပိုင်းတွင်လည်း သီးခြားပြိုင်ဖက်အစိုးရက အုပ်ချုပ်နေသည်။

Ref: CNN/ AFP


READ NEXT
Cancel OK