Top News

ထိုင်ဝမ်နှင့်မျက်နှာချင်းဆိုင်ရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် တရုတ်က လေတပ်အင်အား ဖြည့်တင်းနေသည်ဟု ထိုင်ဝမ်ပြောကြား
24htopnews | December 3, 2024 3:12 PM CST

တရုတ်သည် တိုးချဲ့လေတပ်အခြေစိုက် စခန်းများတွင် တိုက်လေယာဉ်အသစ်များနှင့် ဒရုန်းများကို အမြဲတမ်း တပ်ဖြန့်ထားခြင်းဖြင့် ထိုင်ဝမ်နှင့် မျက်နှာချင်းဆိုင်ရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် လေတပ်အင်အားကို ဖြည့် တင်းလျက်ရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်က ထိုင်ဝမ်ကို လိုအပ်လာလျှင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းမည့် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ထိုင်ဝမ်လွတ်လပ်ရေးကို တားဆီးရန်အတွက် အမေရိကန်နှင့် ထိုင်ဝမ်အကြား ပူးပေါင်းကြံစည်မှုဟု တရုတ်ကဆိုသည့် လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်က စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ခဲ့သည်။

ဧပြီ ၅ ရက်က ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်သည် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက္ကာသီနှင့် လော့စ်အိန်ဂျလိစ်မြို့တွင် တွေ့ဆုံခဲ့ပြီးတစ်ရက်အကြာတွင် တရုတ်က ထိုင်ဝမ်အနီးတစ်ဝိုက်၌ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်ရှိ ရေပြင်ထဲသို့ စစ်သင်္ဘောများ ဖြန့်ကြက်စေလွှတ်ခဲ့သည်။

ယမန်နှစ် သြဂုတ်လကလည်း ထိုစဉ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် နန်စီပယ်လိုစီ ထိုင်ဝမ်ကျွန်းသို့ သွားရောက်ခဲ့ပြီးနောက် တရုတ်က ထိုင်ဝမ်အနီးတွင် အကြီးမားဆုံး လေကြောင်းနှင့် ရေ ကြောင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး စစ်သင်္ဘောများ၊ ဂျက်တိုက်လေယာဉ်များနှင့် ဒုံးလက်နက်များ ဖြန့်ကြက်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်နှင့်ရင်ဆိုင်ရာတွင် ၎င်းတို့၏ အသင့်ရှိနေမှုကို အခိုင်အမာပြင်ဆင်ရန် လက်တွေ့တိုက်ခိုက်ရေးဆိုင်ရာလေ့ကျင့်မှုများနှင့် စစ်ရေးလေ့ကျင့်ခန်းများကိုအသုံးချနေသည်ဟု ထိုင်ဝမ်၏ အမျိုးသားကာကွယ်ရေး အစီရင်ခံစာတွင် ဖော်ပြသည်။

“တရုတ်ဟာ အရှေ့ပိုင်းနဲ့တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်တို့ တည်ရှိရာ ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ လေယာဉ်ကွင်းတွေ တိုးချဲ့တည်ဆောက်မှုကိုအပြီးသတ်လုပ်ဆောင်နေပြီး တိုက်လေယာဉ်အသစ်တွေနဲ့ ဒရုန်းတွေကို အဲဒီလေယာဉ်ကွင်းတွေမှာ အမြဲတမ်းဖြန့်ကြက်ထားပြီး ပြန်လည် ချိန်ညှိမှုတွေ လုပ်ဆောင်နေတယ်ဟုလည်း ၎င်းအစီရင်ခံစာတွင် ဖော်ပြသည်။

ထိုင်ဝမ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာထဲတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းသည် ထိုင်ဝမ်ကို အရှေ့ဘက်နှင့် အနောက်ဘက်နှစ်ဖက်စလုံးမှ ခြိမ်းခြောက်ဖိအားပေးရန် ကြိုးပမ်းနေသည်ကို ပြသနေသည်ဟု  ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

တရုတ်၏စစ်အင်အားထက် အဆမတန်နိမ့်ကျနေသည့် ထိုင်ဝမ်သည် ၎င်း၏တာဝေးတိုက်ခိုက်ရေး၊ ပစ်မှတ်အတိအကျရှာဖွေရေး၊ လူလိုက်ပါခြင်းမရှိဘဲ ရွေ့လျားစစ်ကစားမှု စွမ်းရည်များနှင့် ဉာဏ်ရည်တုနည်းပညာတို့ကို မြှင့်တင်ကာ အချိုးမညီစစ်ပွဲကို ခုခံကာကွယ်သည့် မဟာဗျူဟာဖော်ဆောင်ရန် ကြိုးပမ်းနေသည်။

တရုတ်က ကျူးကျော်မည့် ထင်ရှားသော လက္ခဏာများတွေ့ရှိသည်ဆိုလျှင် ၎င်းတို့သည် ပစ်မှတ်အတိအကျ ချေမှုန်းနိုင်သည့် လက်နက်များဖြင့် ကျူးကျော်လာသည့်တပ်များကို လက်ဦးမှုယူတိုက်ခိုက်နိုင်သည်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

တရုတ်၏စီးပွားရေး နှေးကွေးနေခြင်းကြောင့် တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာနိုင်ခြေမြင့်တက်နိုင်သည်ဟု တရုတ်ရေးရာ အမေရိကန်ကွန်ဂရက်ကော်မတီဥက္ကဋ္ဌက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ၎င်း၏ပြောကြားချက်သည် ယင်းအခြေအနေကြောင့် တိုက်ခိုက်မှုလုပ်ဆောင်ရန် ဖြစ်နိုင်ခြေ ပိုနည်းနိုင်သည်ဟုဆိုသော သမ္မတဘိုင်ဒင်၏ ပြောကြားချက်နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ ထိုင်ဝမ်၏အနာဂတ်ကို ထိုင်ဝမ်ပြည်သူများသာလျှင် ဆုံးဖြတ်ခွင့်ရှိကြောင်း ထိုင်ဝမ်အစိုးရက ဆိုသည်။          Ref: Reuters

         

         


READ NEXT
Cancel OK