Top News

ဒန်နီရယ်မုန်တိုင်းအရှိန်ကြောင့် မိုးများပြီး ရေကြီးသည့် လစ်ဗျားအရှေ့ပိုင်းတွင် လူ ၂,၀၀၀ ကျော်သေဆုံးသွားသည်ဟု ယူဆရ
24htopnews | December 3, 2024 3:12 PM CST

မြေထဲပင်လယ်ကို တိုက်ခတ်သွားသော ဒန်နီရယ်မုန်တိုင်းသည် လွန်ခဲ့သောရက်ပိုင်းတွင် တူရကီ၊ ဘူဂေးရီးယား၊ ဂရိတို့ကိုမိုးများစေခဲ့ပြီးနောက် လစ်ဗျားအရှေ့ပိုင်းတွင် ရုတ် တရက်ရေကြီးရေလျှံမှုများကိုဖြစ်ပေါ်စေခဲ့ရာ အနည်းဆုံးလူ ၂,၀၀၀ ကျော်သေဆုံံးသွားသည်ဟုယူဆရပြီး နောက်ထပ်လူထောင်ချီပျောက်နေသည်ဟု လစ်ဗျားတာဝန်ရှိသူများ ကပြောကြားကြောင်း ရိုက်တာက ဖော်ပြခဲ့ သည်။

လစ်ဗျားအရှေ့ပိုင်းအစိုးရအဖွဲ့၏ခေါင်းဆောင်  အိုစမာဟာမက်က ဒါနားမြို့တွင် လူ ၂,၀၀၀ ကျော်သေဆုံးသွားပြီး လူထောင်ချီ ပျောက်နေသည်ဟု ပြောကြားခဲ့သည်။ ယင်းဒေသရှိ လခြမ်းကြက်ခြေနီ အကူအညီပေးရေး အုပ်စု၏အကြီးအကဲက ဒါနားမြို့၏ သေဆုံးသူစုစုပေါင်းသည် ၂၅၀ ရှိသည်ဟု ခန့်မှန်းထားကြောင်း ရိုက်တာကို ပြောကြားသည်။

ဝန်ကြီးချုပ်ဟာမက်က ၎င်းပြောဆိုခဲ့သော အချက်အလက်များအတွက် အရင်းအမြစ်ကို ပြောကြားခြင်းမရှိပေ။ ထို့ကြောင့် အရှေ့ပိုင်းအစိုးရနှင့်အနောက်ပိုင်းအစိုးရဟူ၍ အစိုးရနှစ်ဖွဲ့ဖြစ်နေသော လစ်ဗျားနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် ရုတ်တရက်ရေကြီးမှုများကြောင့် သေဆုံးသူစာရင်းမှန်ကန်ကြောင်း ရိုက်တာသတင်းဌာနက သီးခြားအတည်မပြုနိုင်ဟု ဆိုသည်။ သို့ရာတွင် CNN၊ အေပီ၊ ဘီဘီစီစသော သတင်းဌာနကြီးများကလည်း လစ်ဗျားရေကြီးမှုတွင် သေဆုံးသူ ၂,၀၀၀ ကျော်ရှိကြောင်း ဟာမစ်၏ပြော စကားကိုကိုးကား၍ ဖော်ပြလျက်ရှိကြသည် ဆိုသော်လည်း လူ ၂,၀၀၀ ကျော်သေသည် ဟု“ယူဆရကြောင်း”သာ ဖော်ပြထားကြသည်။    

ရေကြီးသည့်ဒေသများတွင်နေထိုင် သောနယ်ခံများရိုက်ထားသည့် ဗီဒီယိုများတွင် ကြီးမားသော မြေပြိုမှုများ၊ ပြိုကျနေသော အဆောက်အအုံများ၊ ရွှံ့ဗွက်ရေများအောက်ကို မြုပ်နေသော ရပ်ကွက်များကို မြင်ရသည်။

“ဂျာဘယ်အယ်လ်အက်ခဒါဒေသဒါနားနဲ့ အယ်လ်မားဆင်ခြေဖုံးရပ်ကွက်တွေ မှာ ဒန်နီရယ်မုန်တိုင်းကြောင့် ဖြစ်ပေါ်တဲ့ရေကြီးမှုတွေနဲ့ မိုးသည်းထန်မှုတွေရဲ့ရလဒ်အဖြစ် အနည်းဆုံးလူ ၁၅၀ သေဆုံးသွားပါတယ်”ဟု လစ်ဗျားနိုင်ငံ ဘန်ဂါဇီအခြေစိုက် အစိုးရအဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်မာဆွတ်က အေအက်ဖ်ပီကို ပြောကြားသည်။

“လူသေတာတွေအပြင် ပုဂ္ဂလိကနဲ့ပြည်သူပိုင် အဆောက်အအုံတွေကို ပျက်စီးစေခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေလည်းရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဒေသခံ ရာပေါင်းများစွာသည် သွားရောက်ရန် ခက်ခဲသောနေရာများတွင် ပိတ်မိနေဆဲဟု ယုံကြည်ရသည်။ စစ်တပ်အကူအညီပေးထားသည့် ကယ်ဆယ်ရေးသမားများသည် ပိတ်မိနေသူများထံသွားရန် ကြိုးစားနေ သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် အရှေ့လစ်ဗျားအာဏာပိုင်များသည် စစ်သားကိုးဦးနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်ဟု မာဆွတ်က ပြောသည်။ လစ်ဗျားအာဏာပိုင်များက အရေးပေါ်အ အခြေအနေထုတ်ပြန်ထားသည်ဟု ဆိုသည်။

မိမိဘာသာကြေညာထားသော လစ်ဗျား အရှေ့ပိုင်းအစိုးရအဖွဲ့၏ဝန်ကြီးချုပ် အိုစမာဟာမစ်နှင့် ကယ်ဆယ်ရေးကော်မတီ အကြီးအကဲ၊ အခြားသောဝန်ကြီးများသည် ထိခိုက်ပျက်စီးမှုအတိုင်းအတာကို ဆန်းစစ်ရန် ဒါနားမြို့ကိုသွားသည်ဟု ၎င်းက ပြောကြားသည်။

လွန်ခဲ့သော ရက်ပိုင်းက ဂရိ၊ တူရကီ၊ ဘူဂေးရီးယားတို့ကို ဝင်ရောက်တိုက်ခတ်သည့်အခါ အနည်းဆုံးလူ ၂၇ ဦး သေဆုံးသွားစေသော ဒန်နီရယ်မုန်တိုင်းသည် မိုးရေချိန်ပမာဏအားဖြင့် ၂၄ နာရီအတွင်း ရွာသွန်းမှုသည် အလွန်များပြားသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

ဟာမက်၏အစိုးရအဖွဲ့က ဒါနားကို ဘေးအန္တရာယ်ဒေသအဖြစ် စက်တင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

Ref: Reuters, AFP


READ NEXT
Cancel OK