Top News

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ခြောက်ဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ပေးအပ်ချီးမြှင့်
24htopnews | December 3, 2024 4:12 PM CST

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ခြောက်ဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆုများပေးအပ်ချီးမြှင့်သည့်ဆုနှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နစကဥက္ကဋ္ဌ နှင့် ဇနီးတို့က ၂၀၂၃ ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင်ဆရာကြီး ဒေါက်တာ မင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ တိုးလှ၊ စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထို့နောက် နစကဥက္ကဌနှနှင့် ဇနီးတို့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်အား ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဦးမောင်မောင်အုန်းတို့က အမျိုးသားစာပေဆုရရှိသူများနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့် တားဖျက်ဆီးလျက်ရှိကြောင်း၊ တိုင်းရင်းသားညီညွတ်မှုကိုလည်း ပျက်စီးစေနိုင်ကြောင်း၊ မိမိတို့ အားလုံးမျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် စွမ်းရည်ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ရှိရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် ယနေ့အချိန်တွင် အနာဂတ်၏ အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် အာဟာရမှာ စာပေလေ့လာ ဖတ်ရှုခြင်းဖြစ်ပြီး စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို လေ့လာဖတ် ရှု သိုမှီးကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် စာအုပ်စာပေဟူသည်မှာ မည်မျှပင်ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေမဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်သည့်အတွက် ယခင်ကထုတ်ဝေခဲ့သည့် စာကောင်းပေမွန်များကို မျိုးဆက်သစ် လူငယ်များလေ့လာနိုင်ရန်အတွက် ပြန်လည်ထုတ်ဝေသင့်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီးက ထုတ်ဝေခဲ့သည့်  လူထုသိပ္ပံကျမ်းတွဲများနှင့်အခြား ပြန်လည်ထုတ်ဝေဖြန့်ချိသင့်သည့် စာအုပ်စာပေများကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ပြန်လည်ထုတ်ဝေရန် လမ်းညွှန်မှာကြားထားကြောင်း၊ မြဝတီစာပေတိုက်ကလည်း ထုတ်ဝေလျက်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ပြည်သူများလိုလားချက်နှင့်အညီ တည်ဆောက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများအောင်မြင်ရေးအတွက် အသိပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ် ကောင်းများ ပေါ်ထွက်လာစေရေးနှင့် အသိ ပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ပေးရန် လိုအပ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် စာအုပ်စာပေများ၏ အသိပညာပေးမှု၊ လမ်းညွှန်မှုများက သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်လာစေရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာ့သမိုင်းတစ်လျှောက် စာပေစွမ်းအားနှင့် မြန်မာ့ဂုဏ် မြင့်မားအောင်၊ အကျိုးစီးပွား တိုးတက်အောင်ဆောင်ရွက်ခဲ့သည့် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆို၊ စာဆိုတော်ပညာရှင်ကြီးများကို ချီးကျူးပူဇော်ဂုဏ်ပြုခြင်းသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း၊ အစဉ်အလာ ကောင်းကို ၀ါရင့်စာပေပညာရှင်ကြီးများက ထိန်းသိမ်းပြီး မျိုးဆက်သစ်ကလောင်ရှင်များကို လက်ဆင့်ကမ်းပေးကြရန် တိုက်တွန်းလိုကြောင်း၊ မျိုးဆက်သစ် ကလောင်ရှင်များကလည်း စာပေဆိုင်ရာ ကျင့်ဝတ်၊ နီတိများကို ထိန်းသိမ်းပြီး ခေတ်ကိုထင်ဟပ်စေသည့်၊ အမျိုးဘာသာ သာသနာ ကောင်းကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့်၊ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်သည့်၊ စာဖတ်ပရိသတ်အတွက် စာဖတ်မှု အရည်အသွေးတိုးမြှင့်စေပြီး ကောင်းကျိုးပြုစေသည့် စာကောင်းပေမွန်များကို ရေးသားဖွဲ့ဆိုနိုင်ကြပါစေဟု ဆန္ဒပြု တိုက်တွန်းမှာကြားလိုကြောင်းနှင့် မြန်မာစာပေလောက ခိုင်မြဲစည်ပင် ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင် ကူညီပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးကျော်ဝင်း သမိုင်းပါမောက္ခ(ငြိမ်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK