Top News

ကိုရိုနာဗိုင်းရပ်စ် သဘာဝအတိုင်း ဖြစ်ပေါ်လာဖွယ်ရှိ၊ သို့သော် မသေချာဟု အမေရိကန် စစ်ဘက်က ပြောကြား
24htopnews | December 3, 2024 7:12 PM CST

ကိုရိုနာဗိုင်းရပ်စ် သဘာဝအတိုင်း ဖြစ်ပေါ်လာဖွယ် ရှိသည်ဟု အမေရိကန် ထောက်လှမ်းရေး အထောက်အထားများက ညွန်ပြနေကြောင်း၊ တရုတ်၏ ဝူဟန်စမ်းသပ်ခန်း၌ ဗိုင်းရပ်စ်ကို ဖန်တီးခဲ့ခြင်းဆိုသည်နှင့် ကွဲလွဲနေ‌သော ထိုအယူအဆသည် သေချာသည်ဟုလည်း မပြောနိုင်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး တစ်ဦးက ဧပြီ ၁၄ တွင် ပြောကြားခဲ့သည်။

အမေရိကန်စစ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ ကြည်းတပ်ဗိုလ်ချုပ်ကြီး မိုက်မီလီက ပြောကြားခဲ့သော ယင်းမှတ်ချက်က ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့်ပတ်သက်သော ခန့်မှန်းချက်များကို မီးထိုးပေးနိုင်သည်။

တရုတ်တွင် ဗိုင်းရပ်စ်ကို ဖန်တီးခဲ့သည်ဆိုသော လျှို့ဝှက်အကြံအစည် သီဝရီသည် ဗိုင်းရပ်စ်ကပ်ဘေးကို တိုက်ဖျက်ရာတွင် အထောက်အကူပြုမည် မဟုတ်ကြောင်း တရုတ်က ပြောကြားခဲ့ပြီး ထိုယူဆချက်ကို ပယ်ချထားသည်။

"မီဒီယာတွေမှာ ကောလာဟလတွေ၊ ခန့်မှန်း ယူဆတာတွေ အများကြီး ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ စိတ်ဝင်စားတယ်ဆိုရင် ခင်ဗျားတို့ အံ့ဩမှာ မဟုတ်ပါဘူး။ ဒီကိစ္စကို ထောက်လှမ်း စုံစမ်းထားတာတွေလည်း ရှိပါတယ်။ ခုချိန်မှာ ကျွန်တော်တို့ ပြောနိုင်တာက ဗိုင်းရပ်စ်က သဘာဝအတိုင်း ဖြစ်လာတာလို့ အထောက်အထားတွေက ညွန်ပြနေပေမယ့် မရေမရာဆိုတာပါပဲ။ ဒါပေမယ့်  ကျွန်တော်တို့  အသေအချာတော့ မသိပါဘူး" ဟု ဗိုလ်ချုပ်ကြီး မိုက်မီလီက ပြောကြားခဲ့သည်။

တရုတ်အစိုးရ ကျောထောက်နောက်ခံပြု Wuhan Institute of Virology ၏ စမ်းသပ်ခန်း တစ်ခုတွင် ဗိုင်းရပ်စ်ကို ဖန်တီးခဲ့ပြီး ထိုနေရာမှ အပြင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ဖွယ် ရှိသည်ဟု ကောလာဟလများ ဖေဖော်ဝါရီက ထွက်ပေါ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကို ဝူဟန်တွင် အဦးဆုံးတွေ့ရှိခဲ့ပြီး လင်းနို့များမှ အစပြုသည်ဟု သိပ္ပံဆိုင်ရာ အထောက်အထားများအရ လက်ခံထားသည်။

Wuhan Institute of Virology တွင် ဘေးကင်းမှုဆိုင်ရာနှင့် စီမံခန့်ခွဲမှု အားနည်းချက်များ ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၈ သံတမန်ကြေးနန်းတွင် သတိပေးထားခဲ့ကြောင်း ဧပြီ ၁၅ က Washington Post ဆောင်းပါးတစ်ခုတွင် ဖော်ပြခဲ့သည်။

 ဗိုင်းရပ်စ်သည် ဖန်တီးထားခြင်း မဟုတ်ဘဲ တိရစ္ဆာန်များမှ လာခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်အများစုက သဘောတူထားသည်ဟု Washington Post ဆောင်းပါးက ထောက်ပြသည်။

 သို့သော် လင်းနို့ ကိုရိုနာဗိုင်းရပ်စ်များကို တိရစ္ဆာန်များတွင် စမ်းသပ်မှု နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ဝူဟန်စမ်းသပ်ခန်းမှ ဗိုင်းရပ်စ် ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း  အယူအဆကို မပယ်ထားနိုင်ဟု ကျွမ်းကျင်သူတစ်ဦးက ပြောကြားမှုကို ထိုဆောင်းပါးက ကိုးကားထားသည်။

 ဧပြီ ၁၄ က ရေဒီယိုအင်တာဗျူးတွင် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက Washington Post ဆောင်းပါးကို တိုက်ရိုက် အဖြေပေးရန် ငြင်းဆိုခဲ့သည်။

"ဒီဗိုင်းရပ်စ်ကပ်ဘေးဟာ တရုတ်က ဝူဟန်မှာ အစပြုခဲ့တယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ အဲဒီမှာ သားစိမ်း ငါးစိမ်းဈေးတွေ အများကြီးရှိတယ်လို့ ကျွန်တော်တို့သိတယ်။ အဲဒီတော့ အချက်အလက် အပိုင်းအစတွေ စုစည်းဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်" ဟု မိုက်ပွန်ပီယိုက အင်တာဗျူးတွင် ပြောကြားခဲ့သည်။


READ NEXT
Cancel OK