Top News

မိုချန်ဂလာဘတ်နှင့်ပွဲ ပထမပိုင်းအပြီး ဥမင်လိုဏ်ခေါင်းတွင် ဗင်နီစီယပ်စ်အား ဘောလုံးပေးမကစားရန် မန်ဒီကို ဘန်ဇီမာ ပြောဆိုခဲ့ကြောင်း Telefoot ဖော်ပြ
24htopnews | December 3, 2024 7:12 PM CST

ရီးယဲလ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာသည် မိုချန်ဂလာဘတ်နှင့် သရေကျသည့်ပွဲတွင် အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်အား ဘောလုံးပေးမကစားရန် နောက်ခံလူ မန်ဒီကို ပြောဆိုခဲ့ကြောင်း ပြင်သစ်ရုပ်သံ Telefoot က ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် မိုချန်ဂလာဘတ်အသင်းကို နောက်မှလိုက်ကစားခဲ့ပြီး ပွဲအပြီးတွင် (၂-၂)ဂိုးဖြင့် သရေကျခဲ့သည်။

ရီးယဲလ်အသင်းသည် အဆိုပါပွဲစဉ်၏ ပထမပိုင်းတွင် မိုချန်ဂလာဘတ်အသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီး အဝတ်လဲခန်းသို့အသွား ဥမင်လိုဏ်ခေါင်းတွင် ဘန်ဇီမာက ပြင်သစ်နောက်ခံလူ ဖာလန်းမန်ဒီအား ဗင်နီစီယပ်စ်ကို ဘောလုံးပေးမကစားရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း Telefoot က ဖော်ပြခဲ့ခြင်းဖြစ်သည်။

Telefoot မှ ထုတ်လွှင့်သည့် ဗီဒီယိုဖိုင်တွင် ဘန်ဇီမာက ဖာလန်းမန်ဒီ အနားသို့ကပ်ကာ စကားပြောနေသည်ကို မြင် တွေ့ခဲ့ရပြီး ''သူက ကစားချင်သလို ကစားနေတာ။ သူ့ကို ဘောလုံးပေးမကစားနဲ့။ သူက ပြိုင်ဘက်အတွက် ကစားနေတာ''ဟု Telefoot က ဖော်ပြခဲ့သည်။

Marca သတင်းစာ၏ ဖော်ပြမှုအရ ဘန်ဇီမာသည် ဖာလန်းမန်ဒီအား ပြောကြားရာတွင် နာမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း ဗင်နီစီယပ်စ်ကို ရည်ညွှန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖာလန်းမန်ဒီနှင့် ဗင်နီစီယပ်စ်တို့သည် ဘယ်တောင်ပံကစားသူများဖြစ်ပြီး ဒုတိယပိုင်းတွင် ဖာလန်းမန်ဒီသည် ဗင်နီစီယပ်စ်ကို ဘောလုံးပေးပို့မှု (၃)ကြိမ်သာ ရှိခဲ့ကြောင်းလည်း Marca က ဖော်ပြခဲ့သည်။

ဗင်နီစီယပ်စ်သည် မိုချန်ဂလာဘတ်နှင့်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ပွဲချိန် (၇၀)မိနစ်တွင် ဟာဇက်နှင့် လူစားလဲခံခဲ့ရပြီး ဘန်ဇီမာမှာမူ တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ 


READ NEXT
Cancel OK