Top News

ကပ်ရောဂါကြောင့် ၂၀၂၀ အတွက် အာရှစီးပွားရေး တိုးတက်မှုသည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ရပ်တန့် သွားနိုင်ကြောင်း IMF ခန့်မှန်း
24htopnews | December 3, 2024 7:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အာရှဒေသ၏ ဝန်ဆောင်မှုကဏ္ဍနှင့် အဓိကပို့ကုန်အချက်အချာများအား မကြုံစဖူး အထိနာမှုများဖြစ်ပေါ်နေစဉ် ယခုနှစ်အတွက် အာရှစီးပွားရေးတိုးတက်မှုသည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ရပ်တန့်သွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဧပြီ ၁၆ တွင် ထုတ်ပြန်ခဲ့သည်။

 

ကပ်ရောဂါအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ခရီးသွားလာမှုပိတ်ပင်ခြင်း၊ လူအချင်းချင်း ခပ်ခွာခွာနေထိုင်စေခြင်း နှင့် အခြားအရေးယူဆောင်ရွက်မှုများကြောင့် အထိနာခဲ့ရသည့် အိမ်ထောင်စုများနှင့် လုပ်ငန်းများအား ပစ်မှတ်ထား၍ မူဝါဒချမှတ်သူများက ထောက်ပံ့ပေးသင့်ကြောင်း IMF ၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာဌာန ညွှန်ကြားရေးမှူး ချန်းယောင်ဟီး က ပြောကြားခဲ့သည်။

 

ယင်းသည် ကမ္ဘာ့စီးပွားရေးအတွက် အလွန်အမင်း မရေမရာမှုနှင့် စိန်ခေါ်မှုကြုံရသော ကာလဖြစ်ကြောင်း၊ အာရှပစိဖိတ်ဒေသ အတွက်လည်း ခြွင်းချက်မရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ သက်ရောက်မှုက အာရှပစိဖိတ်ဒေသတွင် ပြင်းထန်မည်ဖြစ်ပြီး မကြုံစဖူးလည်းဖြစ်ကြောင်း ၎င်းက Live လွှင့်၍ ပြုလုပ်သော သတင်း အစီရင်ခံမှုတွင် ပြောကြားခဲ့သည်။

 

ယခုအချိန်သည် စီးပွားရေးအတွက် ပုံမှန်ကာလ မဟုတ်ကြောင်း၊ အာရှနိုင်ငံများသည် ၎င်းတို့ရနိုင်သမျှ မူဝါဒအားလုံးကို အသုံးပြုရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

 

အာရှစီးပွားရေးသည် ယခုနှစ်အတွင်း တိုးတက်မှု သုည ရာခိုင်နှုန်းသာ ရှိဖွယ်ရှိပြီး နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်ကြောင်း IMF က ဧပြီ ၁၆ တွင် ထုတ်ပြန်ခဲ့သော အာရှပစိဖိတ်ဒေသဆိုင်ရာ အစီရင်ခံမှု၌ ဖော်ပြခဲ့သည်။

 

အာရှဒေသသည် စီးပွားရေးတိုးတက်မှု ကျုံ့သွားခြင်းကြုံရသည့် အခြားဒေသများထက် အခြေအနေ ပိုမိုကောင်းမွန်နေသော်လည်း ယခုခန့်မှန်းချက်သည် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း ကာလတစ်လျှောက်လုံး ရှိခဲ့သော ပျမ်းမျှတိုးတက်မှုနှုန်း ၄.၇ ရာခိုင်နှုန်းနှင့် ၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွင် အာရှဘဏ္ဍာရေး အကျပ်အတည်းအတွင်း ရှိခဲ့သော တိုးတက်မှု ၁.၃ ရာခိုင်နှုန်းထက် ဆိုးရွားနေခဲ့ကြောင်း IMF က ထုတ်ပြန်ခဲ့သည်။

 

ကပ်ရောဂါ ထိန်းချုပ်ရေးမူဝါဒများ အောင်မြင်သည်ဟု မှတ်ယူလျက် လာမည့်နှစ်အတွက် အာရှစီးပွားရေး တိုးတက်မှုသည် ၇.၆ ရာခိုင်နှုန်း ရှိမည်ဟု IMF က ခန့်မှန်းခဲ့သော်လည်း မရေမရာမှု အလွန်အမင်း မြင့်တက်ဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

 

Lehman Brothers ဘဏ်လုပ်ငန်း ပြိုလဲမှုကြောင့် ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းနှင့်မတူဘဲ ယခုကပ်ရောဂါကြောင့် လူများသည် နေအိမ်ပြင်ပ ထွက်ခွင့်မရဘဲ ဆိုင်များကိုလည်း မဖြစ်မနေပိတ်ထားရခြင်းကြောင့် ဒေသ၏ ဝန်ဆောင်မှုကဏ္ဍကို တိုက်ရိုက် အထိနာစေခဲ့ကြောင်း IMF က ထုတ်ပြန်ခဲ့သည်။

 

ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံး တရုတ်သည် ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများ ဆုံးရှုံးခြင်းနှင့် ပို့ကုန်အားနည်းခြင်းတို့ကြောင့် IMF က တရုတ်စီးပွားရေးတိုးတက်မှုသည် ယခုနှစ်အတွင်း ၆ ရာခိုင်နှုန်း ရှိမည်ဟု ပြီးခဲ့သော ဇန်နဝါရီတွင် ခန့်မှန်းခဲ့သော်လည်း ယခုအစီရင်ခံစာတွင် ၁.၂ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ပြင်ဆင်ခန့်မှန်းခဲ့သည်။

 

ဒေသတွင်းရှိ အင်အားကြီးထွားစ စီးပွားရေးများသည် ကပ်ရောဂါကြောင့် အရင်းအနှီးများ ပြည်ပသို့ မည်သည့်စီးထွက်မှုကိုမဆို ဟန့်တားရန် အရင်းအနှီးစီးထွက်မှုအား ထိန်းချုပ်ရန် လိုအပ်နေပြီး နိုင်ငံစုံအဖွဲ့အစည်းများထံမှ ဘဏ္ဍာရေးအထောက်အပံ့ရယူရန် ကြိုးစားသင့်ကြောင်း IMF က တိုက်တွန်းခဲ့သည်။

 

 


READ NEXT
Cancel OK