Top News

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဝက်ထီးကန်နှင့် ဖယ်ခုံ လူငယ်များပြုစုပျိုးထောင်ရေးစခန်းတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လွှဲပြောင်းလက်ခံ
24htopnews | December 3, 2024 9:12 PM CST

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စီမံခန့်ခွဲမှုလက်အောက်ရှိ ရွှေပြည်သာ လူငယ်များပြုစုပျိုးထောင်ရေးစခန်း (ဝက်ထီးကန်) နှင့် ရွှေပြည်အေး လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း (ဖယ်ခုံ) စခန်းတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က ရွှေပြည်သာ လူငယ်များပြုစုပျိုးထောင်ရေးစခန်း (ဝက်ထီးကန်) နှင့် ဖေဖော်ဝါရီ ၆ ရက်က ရွှေပြည်အေး လူငယ်များပြုစုပျိုးထောင်ရေးစခန်း (ဖယ်ခုံ) စသည့် စခန်းနှစ်ခုအား ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“နဂိုက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ လူငယ်ပြုစုပျိုးထောင်ရေး စခန်းတွေပေါ့။ အဲဒါကို ကျွန်တော်တို့ လူကယ်ပြန်ဝန်ကြီးဌာနလက်အောက်ကို လွှဲတာ။ ကျွန် တော်တို့ဌာနရဲ့ တာဝန်က ကျွန်တော်တို့က မူးယစ်ဆေးဖြတ်ပြီးရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းကိုလုပ်တာ။ မူးယစ်ဆေးဖြတ်ပြီးတဲ့သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ပေးတယ်။ အဲဒါ ကျွန်တော်တို့ရဲ့ အဓိကတာဝန်ပေါ့။ အဲဒီတော့ ဒီစခန်းနှစ်ခုကို လွှဲယူပြီးရင်လည်း ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ပင်မလုပ်ငန်းဖြစ်တဲ့ ဒီမူးယစ်ဆေးစွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းကိုပဲ ဒီစခန်းနှစ်ခုမှာ လုပ်သွားမှာပါ။ အရင်တုန်းက မူးယစ်ဗဟိုက လုပ်သွားတာတွေနဲ့တော့ တစ်ထပ်တည်းတော့တူမှာ မဟုတ်ပါဘူး”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောကြားသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လွှဲပြောင်းလက်ခံခဲ့သည့် ရွှေပြည်သာ လူငယ်များပြုစုပျိုးထောင်ရေးစခန်း (ဝက်ထီးကန်) နှင့် ရွှေပြည်အေး လူငယ်များပြုစုပျိုးထောင်ရေးစခန်း (ဖယ်ခုံ) စခန်းတို့အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဗဟို၏ လက်အောက်တွင် စီမံခန့်ခွဲသည့် ပုံစံနှင့်မတူညီဘဲ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုပုံစံဖြင့် ဆောင်ရွက်မည်ပြီး ရွှေပြည်သာလူငယ်များ ပြုစုပျိုးထောင်ရေးစခန်း (ဝက်ထီးကန်) တွင် မိဘအပ်သင်တန်းသား ၃၂ ဦးရှိနေကြောင်း၊ ရွှေပြည်အေး လူငယ်များပြုစုပျိုးထောင်ရေး စခန်း (ဖယ်ခုံ) သည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း ကတည်းက ယာယီပိတ်ထားသည့် စခန်းဖြစ်ကြောင်း ဒေါက်တာထွန်းဇော်က ပြောကြားသည်။

ဒေါက်တာထွန်းဇော်က “မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်တာကနေစတာပဲ။ အရင်ဥပဒေတုန်းကကျတော့ မူးယစ်ဆေးဝါးသုံးစွဲတာက ပြစ်မှုပြစ်ဒဏ်ထိုက်တယ်။ မူးယစ်ဆေးဝါးသုံးစွဲသူကို ထောင်ဒဏ်အပြစ်ပေးတယ်ပေါ့။ အခုပြင်ဆင်လိုက်တဲ့ဥပဒေမှာတော့ မူးယစ်ဆေးဝါး သုံးစွဲရုံသက်သက်နဲ့တော့ ထောင်ဒဏ်မပေးတော့ဘူး။ ပြစ်မှုပြစ်ဒဏ် မမြောက်ဘူးလို့ဆိုပြီးတော့ ဒီလိုမျိုး ပြောင်းလဲလာတယ်။ ခေတ်နဲ့အညီ ပြင်လိုက်တာပေါ့။ အရင်တုန်းကကျတော့ မူးယစ်ဆေး သုံးစွဲတဲ့သူတွေကို ထောင်ချအပြစ်ပေးတယ်” ဟု ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ပြဋ္ဌာန်းပြီးဖြစ်သော်လည်း ယင်းဥပဒေကျင့် သုံးနိုင်ရန်အတွက် လိုအပ်သည့် နည်းဥပဒေအား ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဗဟိုက ဦးဆောင်၍ ပြင်ဆင်ရေးဆွဲနေကြောင်း ဒေါက်တာထွန်းဇော်က ပြောကြားသည်။

လက်ရှိကျင့်သုံးနေသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအား ထောင်ဒဏ်ချမှတ်အပြစ်ပေးပြီး ပြစ် ဒဏ်ချခံရသည့်လူများအား ပြုစုပျိုးထောင် ရေးစခန်းသို့ပို့ဆောင်ကာ မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မူးယစ်ဗဟိုက ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာထွန်းဇော်က ပြောကြားသည်။


READ NEXT
Cancel OK