နိုင်ငံတော်ပိုင် မြေယာများ၊ အဆောက်အအုံများ၊ လုပ်ငန်းများအပေါ် အခြေပြု၍ နိုင်ငံပိုင်အရင်းအမြစ်များအတွက် အမှန်တကယ် အကျိုးရှိလာစေရေး စီမံဆောင်ရွက်ပေးရန်အဆိုအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။
နေပြည်တော်၌ ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့တွင် ပုလဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က နိုင်ငံတော်ပိုင် မြေယာများ၊ အဆောက်အအုံများ၊ လုပ်ငန်းများအပေါ်အခြေပြု၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် ခွင့်ပြုခဲ့သော စီမံကိန်းများအား ပြန်လည်သုံးသပ်စစ်ဆေးကာ ကတိကဝတ်နှင့် မညီညွတ်ပါက ခွင့်ပြုချက်ရပ်ဆိုင်းခြင်း၊ ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံသူနိုင်ငံသားများ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များအတွက် အကျိုးရှိသော စီမံကိန်းသစ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံပိုင် အရင်းအမြစ်များအတွက် အမှန်တကယ် အကျိုးရှိလာစေရေး စီမံဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုအား တင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့နိုင်ငံမှာ လွန်ခဲ့တဲ့ ကာလအဆက်ဆက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရများ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံအနှံအပြားတွင် နိုင်ငံပိုင်မြေယာများ၊ အဆောက်အအုံများနဲ့ လုပ်ငန်းတွေကို လွှဲပြောင်းရယူပြီး ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်အမျိုးမျိုးနဲ့ ရယူခဲ့တဲ့ စီမံကိန်းတွေအနက် တချို့ဟာ လုံးဝအကောင်အထည်ဖော်မှု မရှိသေးခြင်း၊ တစ်ပိုင်းတစ်စအကောင်အထည်ဖော်ဟန်ပြ၍ ရပ်ဆိုင်းထားခြင်းတွေ ရှိနေပါတယ်။ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကျွန်မအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေက မကြာခဏမေးမြန်းခဲ့ကြပြီး ပြတ်သားတဲ့ အဖြေနဲ့ မူဝါဒတွေ ဖြစ်ပေါ်မလာသေးတဲ့အတွက် ဥပဒေပြု မဏ္ဍိုင်ဖြစ်တဲ့ ကျွန်မတို့လွှတ်တော်က ဆုံးဖြတ်ချက် Resolution တစ်ရပ်ချမှတ်ပေးသင့်ပြီလို့ ယုံကြည်တဲ့အတွက် ဒီအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု အဆိုရှင်ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
နိုင်ငံတကာနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအသစ်များအား ဖိတ်ခေါ်လျက်ရှိသည့် မြန်မာနိုင်ငံတွင် ယခုလိုအခြေအနေများသည် တိုင်းပြည်တိုးတက်ရေးအတွက် အဟန့်အတားဖြစ်လျက်ရှိပြီး ပြင်ပပုဂ္ဂလိကပိုင်မြေများကို ဝယ်ယူပြီး စက်ရုံ၊ အလုပ်ရုံဆောက်လုပ်ခြင်း၊ အိမ်ရာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက မြေစျေးသည် အဆမတန်ကြီးမားနေခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် အင်မတန်အခက်အခဲဖြစ်ကြရကာ ရင်းနှီးမြှုပ်နှံသူများသည် မြေယာကို အစိုးရက အလကားစီစဉ်ပေးသည့် ဗီယက်နမ်ကဲ့သို့ နိုင်ငံမျိုးဆီ ရောက်ကုန်ကြကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး လုပ်ငန်းများ ဖြစ်ထွန်းမလာသည်နှင့်အမျှ နိုင်ငံအတွက် အခွန်ငွေကို ကာလတစ်ခုအထိ ခွင့်ပြုပေးထားရခြင်းသည် ရေရှည်ရင်းနှီးမြှုပ်နှံသူအတွက် အခွင့်အလမ်းပေးထားခြင်းဖြစ်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးသည် အင်မတန်အရေးကြီးသည့် လက်ငင်းအကျိုးရလဒ်ဖြစ်ကာ အရင်းအမြစ်များရှိနေ၍ အခွင့်အလမ်းများရရှိနိုင်ပါလျက် ခေတ်အဆက်ဆက် ချုပ်ဆိုခဲ့သည့် စာချုပ်ပါ လုပ်ငန်းများကို ထိရောက်အောင် အကောင်အထည် မဖော်နိုင်ခြင်းကြောင့် အချိန်နှင့်အမျှ တိုင်းပြည်စီးပွားရေးသည် နစ်နာဆုံးရှုံးမှုများဖြစ်နေရကြောင်း အဆိုရှင်က ပြောကြားသည်။
အဆိုရှင်ဒေါ်ခင်စန်းလှိုင်က အဆိုတင်သွင်းရာတွင် “ဥပမာအားဖြင့် ၅၄၁ ဧကရှိတဲ့ နိုင်ငံပိုင်ပုလိပ်ချည်မျှင်နဲ့ အထည်စက်ရုံဆိုရင် မူလအငှားချစဉ် ၂၀၁၃ ခုနှစ်တုန်းက ချည်မျှင်နဲ့ အထည်နဲ့ဆိုင်တဲ့လုပ်ငန်းတွေလုပ်ဖို့ အငှားချခဲ့ပေမယ့် တစ်နှစ်ကျော်အကြာမှာ အခြားလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခွင့်ရှိသည်လို့လည်းကောင်း၊ စာချုပ်ရပ်စဲရေး အပိုင်းမှာလည်း မည်သို့သော အကြောင်းနှင့်မျှ အငှားချထားခြင်းခံရသူ၏ သဘောတူညီချက်မရှိဘဲ ပျက်ပြယ်ခွင့်မရှိလို့လည်းကောင်း ပြင်ဆင်လိုက်တာ တွေ့ရပါတယ်။ နိုင်ငံပိုင်ပစ္စည်းကို လုပ်ချင်သလိုလုပ်လို့ရပြီး ပြည်သူတွေ လက်မခံတောင် ရပ်လို့မရဘူးဖြစ်နေပါတယ်။ ရန်ကုန်တိုင်းမှာလည်း အင်းလျားကန်ထဲကို မြေတွေဖို့ပြီး တိုးချဲ့တာနဲ့ ကန့်ကွက်ခံရလို့ ရပ်နားထားခဲ့တဲ့ မြကျွန်းသာအပန်းဖြေ ဥယျာဉ်ဆိုရင်လည်း တိုင်းအစိုးရကအဖွဲ့ ဖွဲ့ပြီး စစ်ဆေးမယ်ပြောခဲ့တာ သုံးနှစ်ကြာပြီ ဖြစ်ပါတယ်။ ဒီအတိုင်း ထိုးထိုးထောင်ထောင် အရုပ်ဆိုးလှစွာ ကျွန်မတို့ မြင်နေရပါတယ်။ စည်းကမ်းမလိုက်နာတဲ့ စီမံကိန်းဆို ပယ်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ ပြည်သူ့ဥယျာဉ်ထဲက မြေနေရာ ၇၆ ဒသမ ၇၃ ဧကကို ငှားရမ်းယူခဲ့တဲ့ Natural World ကုမ္ပဏီဆိုရင်လည်း တိုင်ကြားစာတွေ၊ ပြဿနာတွေအများကြီး ကြားနေရပါတယ်။ ဒါတွေကို မူရင်းစာချုပ်ကစပြီး ပြန်လည်စိစစ်သင့်ပါပြီ” ဟု ပြောကြားသည်။
ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
