Top News

အဆင့် ၄ နေရာ ရရှိရေးထက် စွမ်းဆောင်ရည်ကိုသာ အာရုံစိုက်ထားကြောင်း အာမိုရင်မ် ပြောကြား
24htopnews | December 3, 2024 9:12 PM CST

မန်ယူအသင်းနည်းပြ အာမိုရင်မ်က ရာသီကုန်တွင် အဆင့် ၄ နေရာရရှိရေးထက် စွမ်းဆောင်ရည်ကိုသာ အာရုံစိုက်ထားကြောင်း သုံးသပ်ပြောကြားသည်။

မန်ယူအသင်းသည် အာမိုရင်မ်လက်ထက် ပထမဆုံး ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁ ရက်က အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

မန်ယူအသင်းအတွက် ဂိုးများကို ရပ်ရှ်ဖို့ဒ်က ၃၄၊ ၄၆ မိနစ်နှင့် ဇက်ဇီးက ၄၁၊ ၆၄ မိနစ်တွင် နှစ်ဂိုးစီသွင်းယူပေးခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်နှင့် အာမက်က နှစ်ဂိုးစီ ဖန်တီးပေးနိုင်ခဲ့သည်။

မန်ယူအသင်းသည် ယင်းပွဲရလဒ်ကြောင့် ၁၃ ပွဲကစား၊ ၁၉ မှတ်ဖြင့် အဆင့် ၉ နေရာရောက်ရှိလာပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာမှ ဘရိုက်တန်အသင်းနှင့် လေးမှတ်သာ ကွာဟတော့သည်။

ထို့ကြောင့် ယခုရာသီ ရည်မှန်းချက်မှာ အဆင့် ၄ အတွင်း ရပ်တည်နိုင်ရေးလားဟု မေးမြန်းမှုအပေါ် အာမိုရင်မ်က ''မဟုတ်ဘူးလို့ပြောရင် ကျွန်တော်က မန်ချက်စတာယူနိုက်တက်နည်းပြမဖြစ်နိုင်ဘူးလို့ ခင်ဗျားက ပြောလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်က ပရိသတ်တွေကို ရိုးသားစွာပဲ ပြောချင်တယ်။ ရလဒ်တွေကိုမဟုတ်ဘဲ စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်ကြရအောင်။ ရာသီကုန်ရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ရာသီကုန်မှ ကျွန်တော်တို့ ရပ်တည်မယ့်နေရာကို ဆုံးဖြတ်နိုင်မယ်လို့ အကြိမ်ကြိမ်ပြောဖူးပါတယ်။ လာမယ့်ပွဲကို အာရုံစိုက်ပြီး စွမ်းဆောင်ရည်ကိုပဲ ကြည့်ကြတာပေါ့။ ကျွန်တော့်ချာတိတ်တွေကို ဂုဏ်ပြုပါတယ်။ အခုတော့ အနားယူပြီး အာဆင်နယ်ပွဲအကြောင်း တွေးကြတာပေါ့'' ဟု ဖြေကြားသည်။


READ NEXT
Cancel OK