Top News

လာမည့်ရာသီတွင် နေမာနှင့် ဘာပေနှစ်ဦးစလုံး ဆက်ရှိနေမည်ဟု အာမခံရန် PSG အသင်းနည်းပြ တူဟယ်လ် ငြင်းဆန်
24htopnews | December 4, 2024 3:12 AM CST

PSG အသင်းနည်းပြ သောမတ်စ်တူဟယ်လ်သည် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် ဘရာဇီးလ်တိုက်စစ်မှူး နေမာနှင့် ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေတို့နှစ်ဦး လာမည့်ရာသီ အသင်း၌ဆက်ရှိနေရန် သေချာသည်ဟု အတည်ပြုဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

နေမာနှင့် ဘာပေကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေကြောင်း စပိန်သတင်းဌာနများက ဖော်ပြလျက်ရှိပြီး ဘာပေကလည်း ပြီးခဲ့သည့် မေ ၁၉ ရက်က လီဂူးအကောင်းဆုံးကစားသမားဆု လက်ခံရယူပြီးနောက် အသင်းပြောင်းရွှေ့ဖွယ်ရှိ ကြောင်း အရိပ်အမြွက်ပြောကြားသည်။ 

ထို့ကြောင့် မေ ၂၃ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက လာမည့်ရာသီ၌ ၎င်းတို့နှစ်ဦးဆက်ရှိနေရန် အာမခံနိုင်ခြင်းရှိမရှိ မေးမြန်းရာ တူဟယ်လ်က ''နည်းပြတစ်ယောက်အနေနဲ့ကတော့ သူတို့ကို ဆက်ရှိနေစေချင်တာပေါ့။ ဒါပေမဲ့ ဒါက ဘောလုံးလောကဆိုတော့ ပြောတိုင်း ယုံနေလို့မရဘူး။ အသင်းတော်တော်များများက ကစားသမားတွေကိုခေါ်ယူဖို့ ကြိုးစားနေကြပြီး အပြောင်းအရွှေ့စျေးကွက်ကလည်း စိတ်ရှုပ်စရာကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို နည်းပြတစ်ယောက်အနေနဲ့ မေးလာရင်တော့ 'အိုကေ၊ လာမယ့်ရာသီမှာ သူတို့ကို ဆက်ရှိစေချင်တာပေါ့' လို့ ဖြေမှာပါ။  ဒါပေမဲ့ သူတို့ကသာ အဲဒီလိုဆန္ဒမရှိဘူးဆိုရင် တော့ အဖြေရှာရမှာပါ''ဟု ဖြေကြားသည်။

ထို့ပြင် ဘာပေ၏မှတ်ချက်စကားနှင့် ပတ်သက်၍ တူဟယ်လ်က ''ဘာပေက ဂိုးတွေသွင်းနိုင်သလို ညဏ်ရည်ညဏ်သွေးလည်း ကောင်းတဲ့သူပါ။ ဒီအချိန်မှာ အဲဒီလို ပြောဖို့လိုပြီလို့ သူထင်နေခဲ့တာဖြစ်မယ်။ ဒါပေမဲ့ သူ့ဆီမှာလည်း တခြားကစားသမားတွေ အားလုံးလိုပဲ တာဝန်ခွဲဝေမှုရှိပါတယ်။ အခုလိုထုတ်ပြောဖို့တော့ မလိုအပ်ပါဘူး။ သူက ထူးချွန်တဲ့သူတစ်ယောက်ပါ။ သူက ဂိုးတွေ အမြဲတမ်းသွင်းချင်သလို ဆုဖလားတွေအားလုံးလည်း လိုချင်တဲ့သူပါ။ ဒီအချက်ကို ကျွန်တော်တို့ဘက်က လက်ခံပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့စကားကြောင့် ဒေါသမထွက်ပါဘူး''ဟု ဆက်လက်ပြောကြားသည်။ 

ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် နေမာက လူငယ်ကစားသမားများအား ဝေဖန်ပြောကြားရာမှ ၎င်းနှင့် ဘာပေတို့ အဆင်မပြေဖြစ် ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။


READ NEXT
Cancel OK