Top News

တင်ဒါအောင် ကုမ္ပဏီများက ခေါ်ယူထားသော အလုပ်သမား ၁၅၀ ကျော် ကယားပြည်နယ်အတွင်း ဝင်ခွင့်မရသောကြောင့် လွိုင်ကော်မြို့နယ်အဝင် ၀ါရီကောခူ စစ်ဆေးရေးဂိတ်တွင် အခက်အခဲများ ကြုံတွေ့နေ
24htopnews | December 4, 2024 3:13 AM CST

လွိုင်ကော်မြို့နယ်အဝင် ၀ါရီကောခူစစ်ဆေးရေးဂိတ်၌ ကယားပြည်နယ်တွင် လုပ်ငန်း တင်ဒါအောင်ကုမ္ပဏီများက ခေါ်ယူထားသော သာစည်မြို့နယ်တွင် နေထိုင်သည့် အလုပ်သမား ၁၅၀ ကျော်မှာ ပြည်နယ်တွင်း ဝင်ခွင့်မရသောကြောင့် အခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရသည်။

အလုပ်သမား ၁၅၀ ကျော်မှာ ထောက်ခံစာများ ဆေးစစ်ချက်များဖြင့် လာရောက်ကြကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် ရောက်ရှိနေကြပြီး အလုပ်စတင်ခေါ်ယူစဉ်ကပင်  Quarantine မဝင်ရဘဲ ကျောက်ထုတ်စခန်းများသို့ တိုက်ရိုက်ပို့ဆောင်ပေးမည်ဟု ပြောဆို၍ ခေါ်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ အသက် ၆၀ ကျော်လူကြီးများအပြင် ကလေးငယ် ၂၀ ကျော် အတူလိုက်ပါခဲ့ကြောင်း သိရသည်။

“ကုမ္ပဏီကတော့ သုံးခု၊ သူတို့က ရွှေသွန်းအိမ်ရယ် ကောင်းဆုလျှံရယ်  ကယားဌာနီရယ်။ သူတို့က ကျွန်တော်တို့ဘက်ကို ဘာမှ တာဝန်မယူပေးပါဘူး။ စားဝတ်နေရေးလည်း ကျွန်တော်တို့အခက်အခဲ ကျွန်တော်တို့ခေါင်းဆောင်ကရှင်းနေရပါတယ်။ တောထဲ တောင်ထဲမှာ အိမ်သာတက်ရတာကအစ ခက်ခဲပါ တယ်။ ရေကလည်း လမ်းဘေးမှာ ကိုယ့်ဟာ ကိုယ်ဝယ်သောက်ရပါတယ်။ အနောက်ရွာကိုသွားပြီး ရေချိုးမယ်လုပ်လည်း အနောက်ရွာကလည်း လက်မခံပါဘူး။ ရှေ့ကိုလည်း ဝင်လို့ မရပါဘူး။ ကုမ္ပဏီကိုပြောတော့ ကုမ္ပဏီက စာတင်ထားတယ်ပဲ ပြောပါတယ်။ ရှေ့ကား တွေတော့ ဝင်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကားတွေ လွှတ်မပေးပါဘူး။ ကျွန်တော်တို့ က Quarantine ဝင်ဆိုလည်း တိုက်ရိုက်ဆို ဝင်ရက်ဆို လေးရက်ဖြစ်သွားပါပြီ။ အခုကျ မဝင်ရဘဲ လမ်းမှာ တစ်နေပါတယ်။ Quarantine ဝင်မယ်ဆိုလည်း မြန်မြန်ဆန်ဆန်ဝင် အလုပ်ကို မြန်မြန်ဆန်ဆန်ရောက်သွားချင် တယ်”  ဟု အလုပ်သမား ခေါင်းဆောင်တစ်ဦး က ပြောကြားသည်။

တင်ဒါအောင်ကုမ္ပဏီများမှ ခေါ်ယူလာသည့် ပြည်နယ်ပြင်ပအလုပ်သမားများကို ကယားပြည်နယ်တွင်းသို့ ခေါ်ယူလာရာတွင် COVID-19 အတည်ပြုလူနာအများဆုံး ၁၇ ဦး တွေ့ရှိရသဖြင့် ဒေသတွင်းအလုပ်သမား များကိုသာ အသုံးပြုရန် ဒီဇင်ဘာ ၁၁ ရက်က လွှတ်တော်ဝင်းအတွင်းရှိ ရေးရာအဆောက် အအုံတွင် ပြည်နယ်လွှတ်တော် တိုင်းရင်းသား များလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီ၊ အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုရာ ပြည်နယ်အဆင့်  COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ပြည်နယ်ပြင်ပအလုပ်သမားများအား ပြည်နယ်တွင်းခေါ်ယူ အသုံးမပြုရန်အတွက် ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အတွင်း ဝင်ရောက်ခွင့်မရသေးသည့် အလုပ်သမားများနှင့် မိသားစုများကို ၀ါရီကောခူ စစ်ဆေးရေးဂိတ်လမ်းဘေးတွင် နေထိုင်နေစဉ်

“Quarantine မဝင်ရဘူးဆိုပြီး ရှေ့ ခေါင်းတွေက ပြောတာပဲ။ အလုပ်စခန်းကို တစ်ခါတည်းသွားနေရမယ်ပေါ့။  ရှေ့မှာ လူ တွေပြည့်နေလို့ မဝင်ရဘူး။ အဲဒီလိုလည်း ပြောတာပဲ။ လူပြည့်နေလို့ ထားစရာမရှိလို့ ကျုပ်တို့ ဒီနားထားတယ်ပေါ့။ ရေချိုးတော့ လည်း ရေအချိုးမခံလို့ မချိုးရဘူး။ ရေတောင် တစ်ဘူး ၅၀၀ ဝယ်ရတယ်။ ရေလာပို့ပေးပေ မဲ့ မလောက်ဘူးပေါ့။ စိတ်ထဲမှာ ဖြစ်စေချင် တာတော့ အလုပ်လုပ်မယ့်စခန်းကို မြန်မြန် ရောက်ချင်တယ်” ဟု သာစည်မြို့နယ်နေ အသက် ၆၁ နှစ်အရွယ်ရှိ ဒေါ်ဆယ်မိက ပြော ကြားသည်။

ဒီဇင်ဘာ ၈ ရက်တွင် ဒီးမော့ဆိုစိုက်ပျိုးရေးသိပ္ပံကျောင်းစင်တာမှ တင်ဒါအောင်ကုမ္ပဏီက ခေါ်ယူလာသော ပြည်နယ်ပြင်ပမှ လာ ရောက်သည့်အလုပ်သမား ၁၇ ဦး၌ COVID-19 ပိုးတွေ့ရှိသဖြင့် ကယားပြည်နယ်တွင်း ပိုးအများဆုံးတွေ့ရှိသည့်အခြေအနေဖြစ်သဖြင့် ထိုနေ့တွင်ပင် ခေတ္တဝန်ကြီးချုပ် ဦးဘော့စကိုက တင်ဒါအောင်ကုမ္ပဏီများအား လိုက်နာရမည့်စည်းကမ်းချက်များကို အရေးပေါ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် COVID-19 ပိုး ​တွေ့သူ ၅၅ ဦးရှိပြီဖြစ်ကြောင်း၊ လက်ရှိကုသ​စောင့်ကြပ်မှုခံယူ​နေရ​သော  ပိုး​တွေ့သူများမှာ ၂၈ ဦးမှာ ဆက်လက်ကုသမှုခံယူနေကြပြီး ၂၇ ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံ မှ ဆင်းသွားကြပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်အထိ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK