Top News

မြဝတီမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ တရားမဝင် သိုလှောင်ထားမှုကို ဒုတိယနေ့ ဆက်လက် ဖမ်းဆီးရာ နှစ်ရက်ပေါင်း ၁၄၇ စီး ဖမ်းဆီးရမိ
24htopnews | December 4, 2024 3:13 AM CST

မြဝတီမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ တရားမဝင် သိုလှောင်ထားမှုကို မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဒုတိယနေ့အဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက် ဖမ်းဆီးရာ နှစ်ရက်ပေါင်း လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဘက်ဟိုးများ အပါအဝင် စုစုပေါင်း ၁၄၇ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်စုံနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြဝတီရှေ့တန်းမှူး၊ အမှတ် ၃၁၀ ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းဝင်းနိုင် ဦးဆောင်သည့် တပ်မတော်သားများ၊ သက်သေ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့်အတူ ဒီဇင်ဘာ ၁၂ ရက်က ဒုတိယနေ့အဖြစ်  အကောက်ခွန်မဲ့ မော်တော်ယာဉ်များ သိုလှောင်ထားသော ဂိုဒေါင်နှင့် ခြံဝင်းများအတွင်း ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် အမှတ် (၄) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ မင်းပြည့်စုံကုမ္ပဏီအနီးရှိ ပိုင်ရှင် ဦးအိမိုင် ခြံဝင်းကို ဝင်ရောက်ရှာဖွေရာ ယာဉ်ငယ်မျိုးစုံ ၁၉ စီး၊ ကရိန်းယာဉ် သုံးစီး၊ မြေကြီးသယ်ယာဉ် (ဘက်ဟိုး) ခုနစ် စီး၊ ဘိလပ်မြေဖျော်စက် (အုံးမွှေးလုံး) နှစ်စီး၊ ဆီဘောက်ဆာယာဉ် သုံးစီး၊ ယာဉ်ကြီးမျိုးစုံ ၃၆ စီး၊ စုစုပေါင်း ၇၀ စီးနှင့် ယာဉ်အခွံအလွတ် (ကောင်း) ၁၉ ခု၊ နောက်တွဲယာဉ်အလွတ် နှစ်ခု၊ ဆီဘောက်ဆာ ကိုယ်ထည်အလွတ် နှစ်ခု၊ အင်ဂျင်တုံး (အသေး) မျိုးစုံ ၃၈ လုံး၊ အင်ဂျင်တုံး (အကြီး) မျိုးစုံ ၁၀ လုံး၊ ဖောက်ကလစ်ယာဉ် (ပစ္စည်းသယ်ယာဉ်) သုံးစီးကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်စုံနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက်ကလည်း မြဝတီရှေ့တန်းမှူး၊ အမှတ် ၃၁၀ ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းဝင်းနိုင် ဦးဆောင်သည့် တပ်မတော်သားများ၊ သက်သေ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့်အတူ အကောက်ခွန်မဲ့ မော်တော်ယာဉ်များ သိုလှောင်ထားသော ဂိုဒေါင်နှင့် ခြံဝင်းများအတွင်း လိုက်လံဝင်ရောက် စစ်ဆေးပြီး လိုင်စင်မဲ့ မော်တော်ယာဉ် ၆၈ စီး၊ နောက်ထပ် ကိုးစီး စုစုပေါင်း ၇၇ စီး၊ ဒုတိယနေ့တွင် အစီး ၇၀ ဖြင့် စုစုပေါင်း ၁၄၇ စီးကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသော မော်တော်ယာဉ်များနှင့် ပတ်သက်၍ အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။


READ NEXT
Cancel OK