Top News

COVID-19 ကြောင့် ရပ်နားထားခဲ့သည့်  ပြည်တွင်းလေကြောင်းလိုင်းများ၏ ပုံမှန်ခရီးစဉ် ပျံသန်းမှုများကို ဒီဇင်ဘာ ၁၆ ရက်မှစ၍ ပျံသန်းခွင့်ပြုမည်
24htopnews | December 4, 2024 3:13 AM CST

COVID-19 ကြောင့် ရပ်နားထားခဲ့သည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ပုံမှန်ခရီးစဉ် ပျံသန်းမှုများကို ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ပျံသန်းခွင့် ပြုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ခွင့်ပြုချက်အရ ပြည်တွင်း လေကြောင်းလိုင်းများက ပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်းရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခရီးသွားလာခွင့်နှင့် ပတ်သက်၍ လိုက်နာရမည့် SOP အား မကြာခင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး၊ လေကြောင်းလိုင်းများက အဆိုပါ SOP များအတိုင်း လိုက်နာကာ ခရီးစဉ်များ ပျံသန်းရမည်ဖြစ်ပြီး၊ ခရီးသည်များမှလည်း ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်ပြီး သွားရောက်သည့် ဒေသအလိုက် Quarantine ဝင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

“ပြည်တွင်း လေကြောင်းလိုင်းတွေကို ဒီဇင်ဘာ ၁၆ ရက်ကစပြီး ပုံမှန်ခရီးစဉ်တွေ ပျံသန်းဖို့ ခွင့်ပြုလိုက်ပါပြီ။ ခွင့်ပြုလိုက်တယ် ဆိုပေမယ့် လေကြောင်းလိုင်းအားလုံးက ခရီးစဉ်တွေအများကြီးကို တစ်ပြိုင်တည်း ပျံသန်းဖို့တော့ ဖြစ်နိုင်မှာ မဟုတ်သေးပါဘူး။ ခရီးသည်တွေကလည်း သွားရောက်တဲ့ ဒေသပေါ် မူတည်ပြီး Quarantine ဝင်ရမယ့် ကိစ္စတွေရှိသေးတယ်လေ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း မကြာခင်မှာ ခရီးသွားလာခွင့်နဲ့ ပတ်သက်တဲ့ SOP ကို ထုတ်ပြန်ပေးဖို့ ရှိပါတယ်။ အဲ့ထုတ်ပြန်တဲ့ SOP ပေါ် မူတည်ပြီး ခရီးသည်ရရှိမှုပေါ် မူတည်ပြီးတော့ လေကြောင်းလိုင်းတွေက ပျံသန်းကြမှာပါ။ ခုလက်ရှိမှာက COVID-19 ကူးစက်ပျံ့ပွားမှုက များနေပေမယ့် တစ်ဖက်မှာလည်း ပြည်သူတွေသာရေး၊ နာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စတွေအတွက် ခရီးသွားဖို့ လိုအပ်နေတဲ့အတွက် COVID-19 ရောဂါ ကင်းရှင်းအောင် ဆောင်ရွက်ပြီး လေကြောင်းလိုင်းတွေကို ပျံသန်းခွင့်ပြုပေးဖို့ နိုင်ငံတော်အစိုးရက ပြောကြားလာတာကြောင့် ခုလို ပြန်လည်ပျံသန်းခွင့် ပြုတာဖြစ်ပါတယ်။ ခရီးစဉ်တွေ ပြန်လည် ပျံသန်းတဲ့အခါ လိုအပ်ချက်တွေရှိရင်  တဖြည်းဖြည်း အဆင်ပြေအောင် စီစဉ်သွားမှာပါ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိ ပြည်တွင်းတွင် ပျံသန်းနေသည့် လေကြောင်းလိုင်းများဖြစ်သည့် နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်း လိုင်း၊ Air KBZ၊ Air Thanlwin၊ Mann Yadanarpon ၊ Golden Myanmar စသည့် ပြည်တွင်းလေကြောင်းလိုင်း ငါးခုအနက် နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ ပြည်တွင်းခရီးစဉ်များကို ပြန်လည် ပျံသန်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းမည့် ခရီးစဉ်များတွင် နေပြည်တော်၊ လွိုင်ကော်၊ မြစ်ကြီးနား၊ ဟဲဟိုး၊ မြိတ်၊ ကော့သောင်း၊ ပူတာအို၊ ထားဝယ်၊ သံတွဲနှင့် စစ်တွေစသည့် မြို့များ အပါအဝင်  မြို့အသီးသီးသို့ ပျံသန်းမည်ဖြစ်ကြောင်း ကြေညာထားသည်။

Air KBZ လေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းက “ ဒီဇင်ဘာ ၁၆ ရက်မှာ ပြည်တွင်း ခရီးစဉ်တွေကို စတင်ပျံသန်းဖို့တော့ စီစဉ်ထားပါတယ်။ ခုထိတော့ ခရီးစဉ်တွေပျံသန်းဖို့ SOP မရောက်သေးလို့ စောင့်နေပါတယ်။ အခုက ဒေသအချို့မှာ Quarantine ဝင်ရဖို့တွေရှိတော့ ခရီးသည်ရရှိမှုပေါ် မူတည်ပြီး ဘယ်မြို့တွေကို ခရီးစဉ်ပျံသန်းမလဲဆိုတာ ထုတ်ပြန်ပေးသွားမှာပါ” ဟု The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၁၃ရက်က ပြောကြားသည်။

ပြည်တွင်း လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်း ပြေးဆွဲပေးနိုင်ရေး၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ်များသို့ ခရီးသွားရန် အကြောင်းပေါ်ပေါက်လာပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ ဆေးစစ်ဆောင်ရွက်ပေးထားသော COVID-19 ရောဂါရှိ/မရှိ ထောက်ခံချက် ပါရှိလျှင် Quarantine ဝင်ရောက်ရန် မလိုအပ်တော့ဘဲ သွားလာခွင့်ပြုနိုင်ရေးအတွက်ကို နိုဝင်ဘာလ ၁၇ ရက်က ကျင်းပ ပြုလုပ်ခဲ့သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေး၌ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK