Top News

သင်္ကြန်ကာလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာန၌ ဝန်ထမ်းအင်အား ၂၀၀ နီးပါး ချထားမည်
24htopnews | December 4, 2024 7:12 AM CST

သင်္ကြန်ကာလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၌ ဝန်ထမ်းအင်အား ၂၀၀ နီးပါး ထားရှိမည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောကြားသည်။

သင်္ကြန်ရက်များအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနကို ၂၄ နာရီ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဝန်ထမ်း အင်အား၊ အလုပ်သမား အင်အားများ တိုးမြှင့်ထားကြောင်း သိရသည်။

ကျွန်မတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနမှာဆိုရင် ဆေးပညာနဲ့ ပတ်သက်တဲ့ ကုသမှုတွေ၊ ခွဲစိတ်ပညာနဲ့ ပတ်သက်တဲ့ ကုသမှုတွေ၊ ထိခိုက်ဒဏ်ရာနဲ့ ပတ်သက်တဲ့ ကုသမှုတွေ အကုန်လုံးကို အချိန်နဲ့တပြေးညီ ရောက်ရှိလာတဲ့ လူနာများကို One Stop Service သဘောမျိုးနဲ့ ကုသပေးနေပါတယ်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောကြားသည်။

ပုံမှန်အားဖြင့် အရေးပေါ်ဌာနတွင် ဝန်ထမ်းအင်အား ၈၀ မှ ၁၀၀ ကြားထားရှိပြီး သင်္ကြန်ကာလတွင် ဝန်ထမ်း ဦးရေကို ၁၅၀ မှ ၂၀၀ အထိ တိုးမြှင့်ထားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ ထို့ပြင် ဆေးဝါး ပစ္စည်းကိရိယာများလည်း တိုးမြှင့်ထားသည်။

လူနာတွေ ရောက်ရှိလာလို့ရှိရင် ဆေးဝါး ပစ္စည်းကိရိယာတွေ ပြတ်လပ်မှု မရှိအောင် မတ်လ အလယ်လောက်ကတည်းက စတင်ပြီး လူနာ ၃၀၀ ကနေ ၅၀၀ ကြား ကုသနိုင်အောင် ဆေးဝါး ပစ္စည်းကိရိယာ အစုံကို စုစည်းထားပြီး ဖြစ်ပါတယ်ဟု ဆေးရုံအုပ်က ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကု ပြင်ပလူနာဌာနများကို  ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ပိတ်မည်ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ထုတ်ပြန် ကြေညာထားသည်။

အထူးကု ပြင်ပလူနာဌာနက ပိတ်ထားမှာ ဖြစ်တဲ့အတွက် အထူးကု ပြင်ပလူနာဌာနမှာရှိတဲ့ ဝန်ထမ်း အင်အားတွေကို အရေးပေါ်ဌာနမှာ အားဖြည့်ရတာ ဖြစ်တယ်။ သကြင်္န်ကာလမှာဟု ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောကြားသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့် လူနာများအနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ၊ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လူနာဦးရေ ၈၃၀ ရောက်ရှိပြီး အများစုမှာ ယာဉ်မတော်တဆမှုနှင့် ဒုတိယအများစုမှာ  ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇ သင်္ကြန်ကာလတွင်  လူနာဦးရေ ၈၉၀ ကျော် ရောက်ရှိကြောင်း သိရသည်။                                          


READ NEXT
Cancel OK