မြန်မာနိုင်ငံသား ကချင်လူမျိုးတစ်ဦးက တရုတ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ ကျပ်ငွေ သန်း ၂၇၀၀၀ ကျော် လိမ်လည်သွားသည်ဟုဆိုကာ နစ်နာခဲ့သူ သုံးဦးက ဧပြီ ၁၀ ရက်တွင် Myanmar Press Freedom Center (MPFC) အစည်းအဝေးခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အက်စ်ဒွဲလာ (S.DoiLar) အမည်ရှိသူက မြစ်ကြီးနားမြို့နေ ဒေါ်ခေါန်လုံ၊ ဒေါ်ခေါန်စောမ်းတို့ နှစ်ဦးနှင့် မန္တလေးမြို့နေ ဒေါ်သီတာငြိမ်းတို့အား တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ် အခြေစိုက်သည် ဆိုသည့် Michaelangelo International Capital Group (MCI Co., Ltd) ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရန် ၂၀၁၇ ခုနှစ် မတ်လအတွင်းက ပြောကြားခဲ့ကြောင်း သတင်းစာရှင်းလင်းသူတို့က ပြောကြားသည်။
အဆိုပါ MCI ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် နည်းပညာဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်သည့် အသေးစားနှင့်အလတ်စား လုပ်ငန်းတစ်ခုအဖြစ် မိတ်ဆက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံစေရန် အဓိက ဆွဲဆောင်သည့် ပရောဂျက်မှာ အိမ်တံခါးများတွင် Bluetooth Key များ တပ်ဆင်ပေးရမည့် လုပ်ငန်းဖြစ်သည်ဟု သိရသည်။
“ တရုတ်နိုင်ငံ အိမ်တံခါးတွေမှာ Bluetooth Key အသုံးပြုနိုင်အောင် လုပ်မယ်ပြောပါတယ်။ အဲဒါ သုံးစွဲသူတွေက လစဉ် ပိုက်ဆံပေးရတယ်ပေါ့။ သူတို့က တစ်နှစ်မှာ ဘယ်လောက်စီမံကိန်း၊ အိမ်ခြေ ဘယ်နှသိန်းအထိ၊ နောက်တစ်နှစ်မှာ ဘယ်နှသိန်း။ သူတို့ရဲ့ Bluetooth Key နည်းပညာကို သုံးစွဲသူတွေ အများကြီး ဖြစ်လာအောင် လုပ်မယ်ပြောပါတယ်။ မြန်မာနိုင်ငံမှာလည်း လုပ်ငန်းတွေ လာလုပ်မယ်တဲ့။ အကျိုးအမြတ်တွေ အများကြီးရမယ်တဲ့။ မြန်မာနိုင်ငံမှာလည်း အိမ်တွေမှာ Bluetooth Key လုပ်မယ်။ သူတို့ပြောတဲ့ လုပ်ငန်းတွေကတော့ တော်တော်များတယ်”ဟု ဒေါ်သီတာငြိမ်းက ပြောကြားသည်။
အက်စ်ဒွဲလာက ရင်းနှီးမြှုပ်နှံသူများထဲမှ ကျပ်သိန်း ၁၅၀ ရင်းနှီးမြှုပ်နှံလျှင် လက်မှတ် တစ်စောင် အခမဲ့ဖြင့် လည်ကောင်း၊ သိန်း ၁၅၀ မပြည့်သော်လည်း မိမိစရိတ်နှင့်မိမိ လိုက်လိုသူများအား တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ် ဂွမ်နင်ခရိုင်တွင် ဖွင့်လှစ်ထားသော MCI ကုမ္ပဏီရုံးချုပ်သို့ အလည်အပတ်ခေါ်ခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူ ဆိုသူများနှင့် မိတ်ဆက်ပေးကြောင်း၊ Bluetooth Key များနှင့် ပတ်သက်၍ ပြသကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများက ပြောကြားသည်။
ထိုသို့ လုပ်ငန်းဆိုင်ရာများ ပြသသည့်အတွက် ယုံကြည်ခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမည့် ငွေများကိုပါ တရုတ်အမျိုးသား သုံးသည့် ပြည်တွင်းဘဏ် တစ်ခု၏ အကောင့်ထဲသို့ လွှဲပေးခဲ့ကြသည်ဟု ဆိုသည်။
သတင်းစာရှင်းလင်းသူ တစ်ဦးဖြစ်သည့် ဒေါ်သီတာငြိမ်းနှင့် ဆက်စပ်သူ ၁၂၀ ခန့်က ကျပ်သိန်းပေါင်း တစ်သောင်းနှင့် ခုနစ်ထောင်ခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဒေါ်ခေါန်လုံ အပါအဝင် ၎င်းနှင့် ဆက်စပ်သူ ၁၆၀၀ ကျော်က ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်နှင့် ဒေါ်ခေါန်စောမ်း အပါအဝင် ၎င်းနှင့် ဆက်စပ်သူ ၂၈၀ ခန့်က ကျပ်သိန်း ၇၀၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံ တစ်ဝန်လုံး အတိုင်းအတာနှင့်ဆိုပါက ရင်းနှီးမြှုပ်နှံခဲ့သူပေါင်း ၄၀၀၀ ကျော်ရှိပြီး မြန်မာကျပ် သန်း ၂၇၀၀၀ ခန့် (ဒေါ်လာ ၁၈ ဒဿမ ၂ သန်းခန့်) ရှိနိုင်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံသူများထဲမှ ၃၀၀၀ ကျော်မှာ ကချင်ပြည်နယ်မှ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံထားသည့် ငွေများနှင့် ပတ်သက်၍ ရှစ်လ၊ ကိုးလ ဝန်းကျင်အထိ အကျိုးအမြတ် ပြန်လည်ခံစားရခြင်း မရှိသေးသောကြောင့် အက်စ်ဒွဲလာအား ဆက်သွယ်မေးမြန်းရာတွင် Plan A (လုပ်ငန်းအစီအစဉ် ၁) အဆင်မပြေသေးကြောင်းနှင့် Plan B (လုပ်ငန်းနောက် တစ်ခု) အတွက် ထပ်မံ ရင်းနှီးမြှုပ်နှံစေကြောင်း ဆိုသည်။
ပြန်လည် ရရှိသည့် အကျိုးအမြတ်များအတွက် ငွေသား ပြန်မပေးဘဲ ကုမ္ပဏီဝက်ဘ်ဆိုက်ဆိုသည့် www.mciwdp.com ၌ ရင်းနှီးမြှုပ်နှံသည့် ငွေကြေးအလိုက် တစ်ဦးချင်း အကောင့်များဖွင့်ပေးပြီး (ဒီဂျစ်တယ်ငွေကြေး ဟုဆိုကာ) ($) အမှတ်အသားပါသည့် ကိန်းဂဏန်းများသာ ပေးသည်ဟု ဆိုသည်။ အဆိုပါ ဒစ်ဂျစ်တယ် ငွေကြေးများအား မြန်မာကျပ်ငွေဖြင့် ပြန်လည် လဲယူနိုင်ကြောင်း ပြောခဲ့သည်ဟု သိရသည်။
“အဲဒီအကောင့်ထဲက ငွေတွေကို ငွေအစစ်နဲ့ တစ်ခါမှ မလဲဖူးဘူး။ နောက်ထပ် Plan C မှာ ရင်းနှီးမြှုပ်နှံဖို့ဆိုပြီး Plan C ထဲက Coin တွေနဲ့ လဲခိုင်းပြန်တယ်” ဟု ဒေါ်သီတာငြိမ်းက ပြောကြားသည်။
သို့သော် ၂၀၁၈ ခုနှစ် ငါးလပိုင်းတွင် ရင်းနှီးမြှုပ်နှံထားသူများအား အဆက်အသွယ်ဖြတ်ခဲ့ပြီး ဝက်ဆိုက်ပါ ပျက်သွားကာ ထပ်မံ ရင်းနှီးမြှုပ်နှံသူများလည်း လက်ခံခြင်း မရှိတော့ဘဲ အစပျောက်သွားကြောင်း ရှင်းလင်းသူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အက်စ် ဒွဲလာ (S.DoiLar) ငွေလွှဲထားသည့် ပြေစာ သက်သေများနှင့်အတူ မြစ်ကြီးနားနှင့် မန္တလေးမြို့တို့ရှိ ရဲစခန်းများတွင် လိမ်လည်မှု ပုဒ်မ -၄၂၀ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
အက်စ်ဒွဲလာ ဆိုသူ တည်ထောင်ထားသည်ဆိုသည့် S.DoiLar Success Resource ကုမ္ပဏီလီမိတက်သည် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဝက်ဘ်ဆိုက်တွင် ၂၀၁၇ ခုနှစ် မေ ၉ ရက် ရက်စွဲဖြင့် မှတ်ပုံတင်ထားသည်ကို တွေ့ရသော်လည်း ကုမ္ပဏီအချက်အလက်များ ဝင်ရောက်ကြည့်ရှု မရတော့ဘဲ မကြာမီ ပယ်ဖျက်မည့် ကုမ္ပဏီဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
ကုမ္ပဏီ ဝက်ဘ်ဆိုက်ဖြစ်သည့် www.mci-wdp.com သည် လက်ရှိတွင် မရှိတော့ဘဲ ကုမ္ပဏီ၏ နာမည်ရှေ့ဆုံး စာလုံးဖြစ်သည့် Michaelangelo မှာ ၁၄၇၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကျော်ကြားသည့် အီတလီလူမျိုး ပန်းချီ (ပန်းပု၊ ဗိသုကာ၊ ကဗျာများလည်း ပါဝင်) ပညာရှင်တစ်ဦးဖြစ်ကာ ၎င်းအမည် ပါဝင်သည့် ကုမ္ပဏီအများစုမှာ အီတလီနိုင်ငံအခြေစိုက် ဖြစ်ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
