Top News

သင်္ကြန် လည်ပတ်မည့်သူများ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာ မဖြစ်စေရန် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားသင့်ကြောင်း အထူးကုဆရာဝန်ကြီးများ အကြံပြုပြောကြား
24htopnews | December 4, 2024 7:12 AM CST

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် လည်ပတ်မည့်သူများ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာ မဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများက အကြံပြု ပြောကြားသည်။

နံနက် ၁၀ နာရီမှ ညနေ ၄ နာရီသည် ခရမ်းလွန်ရောင်ခြည် ကျရောက်သည့် အမြင့်ဆုံးအချိန်ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ကြောင့်  အပူလောင်ခြင်း၊ အရေပြားရောင်ပြီး နီရဲလာခြင်း၊ မီးလောင်ဖုများ ဖြစ်ပေါ်လာခြင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အရေပြားကင်ဆာရောဂါအထိ ဖြစ်ပေါ်လာနိုင်ကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ကင်ဆာအထူးကု သမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောကြားသည်။

သင်္ကြန် ထွက်မည့်သူများ အနေဖြင့် ကိုယ်ရဲ့ဒေသက ခရမ်းလွန်ရောင်ခြည် ဘယ်လောက် မြင့်တက်နေလဲဆိုတာ အရင်သိထားရမယ်။ အရေပြား မထိခိုက်အောင်၊ ထိခိုက်မှု နည်းအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဦးထုပ်ဆောင်းတာတို့၊ ရေစိုခံ နေရောင်ကာ ခရင်မ်တွေ လိမ်းတာတို့ အကျႌလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပြီး ကာကွယ်တာတို့ ပြုလုပ်လို့ရတယ်။ နေရောင် တိုက်ရိုက်ထိတွေ့နိုင်တဲ့ မျက်နှာ၊ လည်ပင်းနားတွေကို မထိခိုက်အောင် မျက်နှာသုပ်ပဝါတွေ ဆောင်ထားတာတွေ ပြုလုပ်ထားရင် အရေပြားကင်ဆာ ကာကွယ်ပြီးသား ဖြစ်လိမ့်မယ်ဟု ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ ကင်ဆာအထူးကု သမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောကြားသည်။

အရေပြားကင်ဆာ မဖြစ်စေရန် သင်္ကြန် မလည်မီအချိန်တွင် နာရီဝက်ခန့် ကြိုတင်ပြီး ရေစိုခံ နေရောင်ကာခရင်မ် လိမ်းခြင်းနှင့် သင်္ကြန်လည်ပြီး ညအချိန်များတွင် အစိုဓာတ် ထိန်းသိမ်းပေးသည့် အစိုထိန်းခရင်မ်များ လိမ်းပေးရန် လိုအပ်ကြောင်း ဆံပင် အရောင်ဆိုးခြင်းနှင့် မျက်နှာ အရောင်လိမ်းခြယ်ခြင်းများသည် ဓာတုပစ္စည်းများ ပါဝင်မှုကြောင့် အရေပြားနှင့် ဓာတ်မတည့်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ကျန်းမာရေးအရ ကြိုတင် ရှောင်ကြဉ်သင့်ကြောင်း၊ သင်္ကြန်ပြီးနောက် အသားရေ ပြန်လည်ပြုပြင် ထိန်းသိမ်းလိုသူများ အနေဖြင့် အရေပြားပျက်စီးမှုအပေါ် မူတည်ပြီး ရက်သတ္တတစ်ပတ်ခန့် စောင့်ဆိုင်းပြီးမှ ပြန်လည်ပြုပြင် ထိန်းသိမ်းသင့်ကြောင်း အရေပြားကင်ဆာ အထူးကုဆရာဝန်ကြီးများ၏ အကြံပြု ပြောကြားချက်အရ သိရသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း နားထဲသို့ ရေမဝင်နိုင်စေရန် နားကြပ်များ အုပ်ထားခြင်း၊ ရော်ဘာအစွပ်များ တပ်ဆင်ခြင်းများဖြင့် ကာကွယ်နိုင်ပြီး မျက်စိကို ရေနှင့် မထိခိုက်အောင် နေကာမျက်မှန်များ တပ်ထားသင့်ကြောင်း၊ မသန့်ရှင်းသောရေများ မျက်စိထဲဝင်ခြင်းကြောင့် ပိုးမွှားများ ဝင်ရောက်ကာ မျက်စိနာရောဂါများ ဖြစ်ပွားတတ်ကြောင်း သင်္ကြန်တွင်း ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်ရန်၊ လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း၊ သန့်ရှင်းသော အစားအစာနှင့် ရေသောက်သုံးခြင်း၊ မီးသတ်ပိုက်များနှင့် ရေကစားခြင်းတို့မှ ရှောင်ကြဉ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်သူများကို အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

သင်္ကြန်ပွဲတော် ဆင်နွှဲမည့်အချိန်သည် ပူပြင်းသော နွေကာလ ဖြစ်သောကြောင့် သင်္ကြန်လည်ပတ်မည့် သူများအနေဖြင့် နွေအပူဒဏ်ကို သတိပြုကာကွယ်ရန် လိုအပ်ကြောင်း၊ ခရမ်းလွန် နေရောင်ခြည်သည် အသားဖြူသူများထက် နေလောင်ဒဏ် ပိုမိုခံစားရသောကြောင့် အရေပြားပြဿနာများ ပိုမိုဖြစ်ပွားတတ်ကြောင်း၊ ထို့ပြင် သင်္ကြန်လည်ပတ်ပြီးပါက သန့်ရှင်းသောရေဖြင့် ဆေးကြောသန့်စင်ရန် လိုအပ်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများက အကြံပြု ပြောကြားထားသည်။                             

 


READ NEXT
Cancel OK