Top News

မြောက်ဦးမြို့ရှိ ရဲတပ်ရင်းအား ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် အမျိုးသမီးနှင့် ကလေးများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ ကယ်ထုတ်လာသည့်သဘော ဖြစ်ကြောင်း AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင် ပြောကြား
24htopnews | December 4, 2024 7:12 AM CST

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းအား ဧပြီ ၉ ရက် ညပိုင်းမှ ဧပြီ ၁၀ ရက် နံနက်ပိုင်းအထိ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် AA အဖွဲ့က အမျိုးသမီးနှင့် ကလေးများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ ကယ်ထုတ်လာသည့် သဘောဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။

 AA စစ်ဦးစီးချုပ်နှင့် သီးသန့် တွေ့ဆုံမေးမြန်းထားသည့်  ရုပ်သံအင်တာဗျူးအား ဧရာဝတီသတင်းဌာနက ဧပြီ ၁၁ ရက်တွင် ထုတ်လွှင့်ခဲ့ပြီး အဆိုပါ အင်တာဗျူးတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ အင်တာဗျူး ဖြေကြားနေသည့် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၏ ရုပ်သံဖိုင်အရ AA အဖွဲ့၏ (၁၀) နှစ်မြောက် အခမ်းအနား မြင်ကွင်းလည်းပါဝင်ပြီး AA အဖွဲ့၏ ဌာနချုပ်သည် ကချင်ပြည်နယ်၊ လိုင်ဇာဒေသတွင် အခြေစိုက်သည်။

"မြောက်ဦးမြို့ရဲ့ အရှေ့ဘက် လေးမြို့မြစ်ရဲ့ တစ်ခြမ်းမှာပေါ့ တိုက်ပွဲတွေ ဖြစ်နေတာ ကြာပါပြီ၊ အဲ့ဒီမှာ ရက်ပေါင်း တော်တော်ရှိပြီ၊ ဒီ အမြောက်ကြီးစခန်းပေါ့၊ သူတို့ကတော့ ရဲတပ်ရင်းလို့ ပြောတယ်။ ဒါပေမယ့် အဲ့ဒီ ရဲတပ်ရင်းရဲ့ ခြံဝင်းဘေးတွေမှာ ကုန်းကြောတွေပေါ်မှာ လက်နက်ကြီးတွေ တင်ပြီးမှ ကျွန်တော်တို့ရှိတဲ့ နေရာတွေကို ပစ်နေတာ တော်တော်ကြာပါပြီ။ ရက်ပေါင်း ၂၀ ၊ ၃၀ လောက်ရှိပြီ။ ပြီးရင် အဲ့ဒီနေရာကပဲ မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်ထဲကို လှမ်းပစ်နေတဲ့အထဲမှာလည်း ပတ်သက်နေတယ်။ အဲ့ဒီကတည်းက ကျွန်တော်တို့က အဲ့ဒီစခန်းကို စောင့်ကြည့်ပြီးမှ ပြန်ပြီးမှ စစ်ရဲ့သဘောတရားအရ ရန်သူ့ လက်နက်ကြီးရှိတဲ့ နေရာကို ကျွန်တော်တို့က ဝင်တိုက်တဲ့ သဘောပါ။ အဲ့ဒီ တစ်နေရာရယ်။ နောက်တစ်ခုကတော့ ဒီလေးမြို့မြစ်ကမ်းက လေညင်းတောင်ဆိုတဲ့ရွာ ရှိတယ်။ အဲ့ဒီနားမှာ တပ်စွဲထားတဲ့ သူတို့ရဲ့ အမြောက်ကြီးစခန်း ရှိတာပေါ့။ အဲ့ဒီနေရာပေါ့။ အဲ့ဒီစခန်းနှစ်ခုကို ကျွန်တော်တို့ရဲ့ အထူးတာဝန်တပ်ဖွဲ့တွေ ဝင်တိုက်တာပေါ့။ ယောကျ်ားလေးတွေလည်း ပါတယ်။ မိန်းကလေးတွေလည်း ပါတယ်။ ကလေးတွေလည်း ပါတယ်။ ကလေးတွေ ဖမ်းလာတာ မဟုတ်ဘူး။ ကျွန်တော်တို့ အဲ့ဒီအချိန်မှာ ဆုတ်လာတဲ့ အချိန်မှာပေါ့နော် ကြားမှာထားခဲ့ရင်လည်း သူတို့က သေသွားနိုင်တယ်။ အဲ့ဒီမှာ အရမ်းပစ်ခတ်မှုတွေ များနေတယ်။ အဲ့ဒီလေယာဉ်ပေါ်က ဗုံးချတဲ့အချိန်မှာလည်း စခန်းပေါ် တည့်တည့်ကို ချတာ။ ဆိုတော့ ကျွန်တော်တို့ ကယ်ထုတ်လာတယ်လို့ သဘောပါပဲ။ အခုလည်း  ကျွန်တော် ညွှန်ကြားချက် ပေးခဲ့ပါတယ်။ ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီးရင် ဒီကလေးတွေကို အရမ်းလန့်သွားစေမယ့် ပုံစံမျိုး မဖြစ်ပါစေနဲ့။ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါ။ အခြေအနေ နည်းနည်းကြည့်ပြီးတာနဲ့ ကျွန်တော်တို့ ပြန်ပြီးမှ ကောင်းကောင်းမွန်မွန် ပြန်အပ်ပေးမယ်ပေါ့။ ဒါ ဘယ်အစိုးရ အဖွဲ့အစည်းဖြစ်ဖြစ် ဥပမာ ရခိုင်အမျိုးသမီးအသင်း တစ်ခုဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ လုပ်သင့်သလို လုပ်သွားမှာပါ" ဟု AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။

ဧပြီ ၉ ရက် ညပိုင်းမှ ဧပြီ ၁၀ ရက် နံနက်ပိုင်းအထိ မြောက်ဦးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ ရည်ရွယ်ချက်သည် တပ်မတော်၏ လက်နက်ကြီးများအား ဖျက််ဆီးရန် ဖြစ်သော်လည်း လက်နက်ခဲယမ်းအချို့သာ သိမ်းနိုင်ခဲ့ကာ လက်နက်ကြီးအား ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိကြောင်းလည်း ၎င်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားထားသည်။

Law Enforcement လုပ်နေသော ရဲစခန်းများကို AA အဖွဲ့အနေဖြင့် ဝင်တိုက်ခြင်း မရှိကြောင်း၊ မြောက်ဦးတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းမှာ ရဲတပ်ရင်းဖြစ်ခြင်းကြောင့် တိုက်ခြင်းဖြစ်ကြောင်းကိုလည်း ဧရာဝတီသတင်းဌာနသို့ ဖြေကြားရာတွင် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ထည့်သွင်းပြောကြားသည်။

"ကျွန်တော်တို့ စခန်းနှစ်ခုပေါ့။ အမြောက်ကြီးစခန်း နှစ်ခုကို တိုက်တယ်။ တိုက်တယ်ဆိုရင် တစ်ခုက ရဲတပ်ရင်းပဲ။ သူက ပြောလာတယ်။ အခုဆိုရင် ထုတ်ပြန်ပြီးပြီ။ ကျွန်တော် တွေ့တယ်။ ရဲတပ်ရင်းရဲ့ မိသားစုလိုင်းခန်းကို AA က ဝင်တိုက်ပါတယ်ဆိုပြီး ထုတ်လိုက်တယ်။ ပြန်ကြားရေးက ပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့က သူ့ရဲ လူတွေကို ဖမ်းလာခဲ့တယ်။ ဖမ်းမိထားတဲ့ လူတွေရှိတယ်။ အဲ့ဒီလူတွေကို စစ်ကြည့်တဲ့အချိန်မှာ သူတို့ဆီက ကျွန်တော်တို့လည်း သိပြီးသားကိစ္စပေါ့။ ၁၂၀ မမ ဘယ်နှစ်လက်ကို ချပြီးမှ အဲ့ဒီကနေ ဘယ်အချိန်ပစ်နေလဲဆိုတာ ကျွန်တော်တို့ သက်သေတွေ ရှိပါတယ်။ ဒါ အကြောင်းမဲ့လုပ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ရဲနဲ့ ပတ်သက်ပြီးမှ ဒီကိစ္စက သူက တစ်ဖက်က ကျွန်တော်တို့ကို အကြမ်းဖက်သမား ဆိုတဲ့ဟာမျိုး လိုင်းတင်ချင်တဲ့ အတွက်ကြောင့်မို့လို အဲ့ဒါကို ထုတ်ပြောတာ ဖြစ်တယ်။ ပြီးရင် ရဲစခန်းထဲကနေ လက်နက်ကြီးပစ်တာ ဘယ်သူ့အမှားလဲဆိုတာ ပြည်သူလူထု ဆုံးဖြတ်ပေါ့ဗျာ။ ဘလိုင်းကြီး စွပ်စွဲတာတော့ မကောင်းပါဘူး"ဟု AA စစ်ဦးစီးချုပ်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

မြောက်ဦးမြို့ ရဲတပ်ရင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်  ဧပြီ ၉ ရက် ည ၁၀ နာရီခွဲတွင် AA အဖွဲ့မှ အင်အား ၂၀၀ ခန့်က အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ်အား မြောက်ဘက်မျက်နှာစာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ပြီး အကြိမ်ကြိမ် လုံးထွေး တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် မိမိတပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံ ပြန်လည်ခုခံ တိုက်ခိုက်မှုကြောင့် ပင်မဌာနချုပ်၏ အရေးကြီးနေရာများ ကျဆုံးမှုမရှိဘဲ လုံခြုံရေးရဲတပ်ဖွဲ့၏ အိမ်ထောင်သည် လိုင်းများအထိသာ ဝင်ရောက်နိုင်ခဲ့ကြောင်း၊ ဧပြီ ၁၀ ရက် နံနက် ၄ နာရီ ၁၀ မိနစ်တွင် တပ်မတော်စစ်ကြောင်း ရောက်ရှိလာခြင်းကြောင့် AA အဖွဲ့ပြန်လည် ဆုတ်ခွာသွားသဖြင့် နံနက် ၄ နာရီခွဲတွင် စခန်းဌာနချုပ်အား မိမိတပ်ဖွဲ့ဝင်များက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ဆုတ်ခွာသွားသော AA အဖွဲ့နောက်သို့ တပ်မတော် စစ်ကြောင်းများက ထပ်ကြပ်လိုက်လ ံရှင်းလင်းလျက်ရှိကြောင်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး ခုနှစ်ဦး ပျောက်ဆုံးကာ မိသားစုဝင် ဇနီးတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် AA အဖွဲ့က လုံခြုံရေးရဲတပ်ဖွဲ့ဝင် များ၏ ဇနီးသုံးဦး၊ မိခင် တစ်ဦး၊ ကလေးသူငယ် သုံးဦး ( ယောကျ်ားလေး တစ်ဦးနှင့် မိန်း ကလေးနှစ်ဦး) တို့အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ AA အဖွဲ့အနေဖြင့် ယခုကဲ့သို့ လုံခြုံရေးရဲတပ်ဖွဲ့၏ အိမ်ထောင်သည် မိသားစုလိုင်းခန်းများအား ဝင်ရောက် တိုက်ခိုက်ခြင်း၊ တိုက်ပွဲနှင့် သက်ဆိုင်ခြင်း မရှိသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်များကို ဖမ်းဆီး ခေါ်ဆောင်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း ဖမ်းဆီး ခေါ်ဆောင်သွား ခံရသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ဓာတ်ပုံများနှင့်တကွ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ရဲတပ်ရင်းဌာနချုပ်နှင့် လေးမြို့မြစ်အနီး လှေဆိပ်လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အင်အား အလုံးအရင်းသုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုုက်ခိုက်ခဲ့သဖြင့် ရဲတပ်ရင်း လုံခြုံရေးစစ်ကြောင်းအပြင် မြောက်ဦးမြို့ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကလည်း ပစ်ကူပစ်အားသုံး၍ စစ်ကူပေးတိုက်ခိုက်ခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ ရယူတိုက်ခိုက်ရာ ရဲတပ်ရင်းဌာနချုပ် ဗဟိုကင်းနေရာသို့ ဦးတည်တိုက်ခိုက်နေသည့် AA အင်အားစုများ နံနက် ၅ နာရီခွဲတွင် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း၊  အဆိုပါ ဆုတ်ခွာသွားသောအဖွဲ့သည် လှေဆိပ်လုံခြုံရေး နေရာသို့ တိုက်ခိုက်နေသည့် AA အဖွဲ့ဝင်များနှင့် ထပ်မံပူးပေါင်း၍ တိုက်ခိုက်ရာ ယာယီ ခြေကုပ်ယူထားသည့် မိမိတပ်များက ပြင်းပြင်းထန်ထန် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ပြီးနောက်  စစ်ကူစစ်ကြောင်းများနှင့် အပြန်အလှန် ပူးပေါင်းလျက် လေကြောင်းနှင့် အမြောက်ပစ်ကူ ရယူ၍ တန်ပြန် တိုက်ခိုက်နှိမ်နင်းခဲ့သဖြင့် AA အင်အားစုများ မြောက်ဘက်နှင့် အရှေ့ မြောက်ဘက်သို့ အကျအဆုံးများဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်အချို့နှင့် ရဲမိသားစုဝင်အချို့ ကျဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင် အချို့နှင့် မိသားစုဝင်အချို့ ပျောက်ဆုံးနေကြောင်းနှင့် တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း ပဏာမ စိစစ်ချက်များအရ သိရှိရသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဧပြီ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီးတွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော် လုံခြုံရေးစစ်ကြောင်းနှင့် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် AA အဖွဲ့၊ နှစ်နာရီကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့သည် ကျေးရွာအတွင်းသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သဖြင့် ကျေးရွာအတွင်း ထက်ကြပ်လိုက်လံ ရှင်းလင်းရာ ရွာခံ မဟုတ်သည့် မသင်္ကာဖွယ်ရွာသား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ၂၃ ဦးအား ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ရွာခံများအား ပြသရာ ၎င်းတို့ ရွာသားများ မဟုတ်ကြောင်း သိရှိရသဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့မှာ AA အဖွဲ့မှ သာထွန်းစံ ခေါင်းဆောင်သည့် အဖွဲ့ ဝင် ၃၅ ဦးပါအဖွဲ့မှ သိန်းထွန်းစိန်ပါ ၂၃ ဦး ဖြစ်ကြောင်းနှင့် ၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် ဖွဲ့စည်းပုံ စာရွက်စာတမ်းများအရ သိရှိရပြီး အသေးစိတ်အား ဆက်လက် စစ်ဆေးလျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ - ရဲဇာနည်


READ NEXT
Cancel OK