Top News

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် ထိပ်ပိုင်းအရာရှိလေးဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်းတစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့်အမှုဖွင့်
24htopnews | December 4, 2024 7:12 AM CST

 

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးအပါအဝင် ထိပ် ပိုင်းရှိလေးဦးနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဟောင်းတစ်ဦး စုစုပေါင်းငါးဦးတို့အား  ဘတ်ဂျက်ငွေများထဲမှ ငွေကျပ်သိန်းပေါင်းများစွာအား ရုံးချုပ်သို့ ပံ့ပိုးငွေအဖြစ် တရားမဝင်ရယူခဲ့သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဧပြီ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုသို့အမှုဖွင့်ခံရသူများမှာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယညွှန် ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြား ရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး) နှင့်ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်းတို့ဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ  ၅၆ အရ  နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့မရဲစခန်း၌ ဧပြီ ၁၀ ရက်တွင် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ထားပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၏ အဂတိတရားများအား သိရှိနိုင်ပါရန်နှင့် စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားခဲ့ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အထက်ပါအရာရှိငါးဦးတို့သည် ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်များမှ ခွဲဝေချထားပေးသည့် လုပ်ငန်းရန်ပုံငွေများကိုသုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းများရှိရာ အဆိုပါလုပ်ငန်းဆောင်ရွက်ခဲ့ခြင်းများမှ ရုံးချုပ်သို့ ပံ့ပိုးငွေအဖြစ် ငွေကျပ်သိန်းပေါင်းများစွာအား ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ လွှဲပြောင်းပေးပို့စေခြင်းဖြင့် လက်ခံရယူခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ချထားပေးတဲ့ နှစ်အလိုက်ပေါ့နော်။ ရန်ပုံငွေထဲကနေပြီးတော့ ဘက်ဂျက်ခွဲထားပေးတဲ့ လုပ်ငန်းရန်ပုံငွေတွေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ နှစ်အလိုက်ပေါ့။ ၂၀၁၄၊ ၂၀၁၅ ၊ ၂၀၁၇ ၊ ၂၀၁၈ တွေမှာ အဂတိလိုက်စားဖို့အတွက်ကို တရားမဝင် ငွေကြေးတွေ တောင်းခံခဲ့တယ်ပေါ့နော်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ သူတို့ရဲ့ရုံးချုပ်နောက်ခံ တိုင်းဒေသကြီးနဲ့ ပြည်နယ်က အဖွဲ့တွေဆီကနေပြီးတော့ အဂတိလိုက်စားရန်အလို့ငှာ တရားမဝင်ငွေကြေး တောင်းခံတာပေါ့။ ဒါတွေကို စုံစမ်းစစ်ဆေး ရေးအဖွဲ့တွေကနေ စစ်ဆေးတွေ့ရှိခဲ့တယ်” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကပြောကြားသည်။

အမှုဖွင့်လှစ်ခံရသူငါးဦးသည် ၂၀၁၄ ခုနှစ်အတွင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးတို့မှ ငွေကျပ် ၂၃၇၆၉၇၇ ၈၀ ဒသမ ၂၂ ၊၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးတို့မှ ငွေကျပ် ၈၈၉၇၆၂၁၅ ဒသမ ၆၄၊ ၂၀၁၇ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးတို့မှ ငွေကျပ် ၁၂၉၅ သိန်း၊ ၂၀၁၈ ခုနှစ်အတွင်းက တိုင်းဒေသကြီးရုံးတို့မှ ငွေကျပ်သိန်း ၈၁၀ တို့ကို လွှဲ ပြောင်းပေးပို့စေခြင်းဖြင့် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။


READ NEXT
Cancel OK