အစိုးရအဖွဲ့၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်သောကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကို ကာကွယ်ပေးရေးဥပဒေဖြင့် တရားစွဲဆိုမှု အပါအဝင် စုစုပေါင်းစွဲဆိုမှု ၁၄ မှုနှင့် တရားစွဲ ဆိုခံရသူ ၃၇ ဦးအထိ ရှိလာကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့) က ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေဖြင့် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်သဖြင့် တရားစွဲဆိုခံရမှု သုံးမှု၊နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်သဖြင့် တရားစွဲ ဆိုမှုနှစ်မှု၊ နိုင်ငံရေးပါတီကို ဝေဖန်သဖြင့် တရားစွဲဆိုခံရမှု နှစ်မှုရှိကြောင်း သိရသည်။
“ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ နံပါတ် (၁) က ဒီဥပဒေကို စပြီးပြဋ္ဌာန်းတုန်းက ရည်ရွယ်ချက်က နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးဖို့ ပြဋ္ဌာန်းခဲ့တယ်။ တကယ်ပြဋ္ဌာန်းတဲ့ ရည်ရွယ်ချက်ကကျတော့ အကျိုးသက်ရောက်မှု ဖြစ်မနေဘဲနဲ့ တစ်ဖက်မှာ လူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဖို့အတွက် နောက်တစ်ခု အစိုးရကို အကာအကွယ် ပေးဖို့အတွက် အသုံးပြုနေတဲ့ပုစံမျိုးကို ပြန်တွေ့ရတယ်။ ဥပဒေဟာ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ရေးဆွဲထားပြီးတော့ ပြည်သူတွေကို ဒုက္ခပေးနေတယ်ဆိုရင် အမြန်ဆုံး ပြန်လည်သုံးသပ်ပြီးတော့ ပြင်ဆင်တာမျိုးလုပ်ဖို့ လိုအပ်တယ်” ဟု အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့) ၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အဆိုပါ ဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပို့ခဲ့သော်လည်း လုံလောက်သည့် ပြင်ဆင်မှုမျိုး မတွေ့ရကြောင်း မောင်ဆောင်းခက ဆက်လက်ပြောကြား သည်။
ထို့ပြင်ထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဝေဖန်ရေးသားသည်ဟုဆိုကာ သာမန်ပြည်သူတစ်ဦးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တစ်ဦးက တရားစွဲဆိုထားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့်ပတ်သက်၍ တိုင်တန်းစာရေးသားခဲ့သူ ၁၇ ဦးကို အဆိုပါ လွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်၏ ဆွေမျိုးတစ်ဦးက နှစ်ထပ်ကွမ်း တရားစွဲဆိုမှုများရှိခဲ့ကာ တရားစွဲဆိုမှုစုစုပေါင်း ၁၄ မှုအနက် ခုနစ်မှုမှာ လူမှုကွန်ရက်တွင် ထုတ်ဖော်ရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီဥပဒေကို ပြဋ္ဌာန်းတုန်းကတော့ ၆၆ (ဃ)အစားထိုးတာတော့ မဟုတ်ဘူး။ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံနဲ့ ပတ်သက်ပြီးတော့ ကြားလူက တရားစွဲဆိုလို့ မရတဲ့အခြေအနေမျိုး ဖြစ်သွားတဲ့အခါမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်စား ကြားထဲက တရားစွဲချင်တဲ့အခါကျတော့ ဥပဒေတွေလိုက်ရှာတာ ဒီဥပဒေမှာ သွားတွေ့တယ်။ ဥပဒေရဲ့အားနည်းချက်ကလည်း ကြားလူတွေ တရားစွဲဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ပေးထားသလို ဖြစ်နေတယ်။ တကယ်လည်း စွဲခွင့်ရနေတယ်။ အဲဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ အမှုနှစ်မှုဖြစ်နေတာ တွေ့ရတယ်။ တစ်ဖက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး တော့ ၆၆ (ဃ) ပြင်ပြီးတဲ့နောက်ပိုင်းမှာ လုံးဝမရှိတော့ဘူး။ လျော့သွားတယ်။ ဒီဥပဒေမှာ လာပြီးပြန်တိုးနေတယ်။ ၆၆ (ဃ) အစား လူတွေက ဒါကို ချသုံးလာတယ်။ အစိုးရကရော သာမန်ပြည်သူတွေရော၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုယ်စား စွဲတာတွေ တွေ့လာရတယ်” ဟု မောင်ဆောင်းခက ဆိုသည်။
ဆက်သွယ်ရေးဥပဒေတွင် နိုင်ငံသားများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မ ၆၆ (ဃ)နှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေမှ ပုဒ်မ ၈ (စ) ကို ပယ်ဖျက်သင့်သည့်အပြင် ဥပဒေနှစ်ခုတွင် ပါဝင်သော ဥပဒေအနှစ်သာရကို ပြည့်ပြည့်ဝ၀ အကာအကွယ်မပေးနိုင်သည့် ကိစ္စများကို ပြန်လည်သုံးသပ်သင့်ကြောင်း မောင်ဆောင်းခက ပြောကြားသည်။
နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ၂၀၁၇ ခုနှစ် မတ် ၈ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယခုအချိန်တွင် သက်တမ်း နှစ်နှစ်ကျော်ရှိပြီဖြစ်၍ ယင်းဥပဒေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် စတင်ပြဋ္ဌာန်းခဲ့သော်လည်း ယခုအချိန်တွင် လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်အတွက် အသုံးပြုလာကြသည်ကို တွေ့ရှိရကြောင်း ဝေဖန်မှုများရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
