ဟိုတယ်/ခရီးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်ခဲ့သူ ဦးရည်မွန် (ငြိမ်း) ကို တိုင်ကြားသည်များနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဧပြီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန် ချက်အပေါ် ဦးရည်မွန်ကို တိုင်ကြားသူ The National Trading ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါ ရိုက်တာ ဦးဌေးအောင်က ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ သတင်းစာ ရှင်းလင်းခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဧပြီ ၉ ရက်အသိပေးထုတ်ပြန်ချက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်အပေါ် ဦးဌေးအောင်၏ စွပ်စွဲတိုင်ကြားချက်နှစ်ချက်နှင့် စပ်လျဉ်း၍ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမှုကိုလည်းဖော်ပြခဲ့ပြီး အဆိုပါဖော်ပြချက်တွင် ဦးရည်မွန်သည် တင်သွင်းခွင့်လိုင်စင်မရှိသော မော်တော်ယာဉ်ကို အသွင်သဏ္ဌာန်ပြောင်း၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) သို့ လျှောက်ထားခဲ့ရာ ယင်းဌာနမှအခြားဌာနဆိုင်ရာ ယာဉ် ၁၆ စီးနှင့်အတူ ခွင့်ပြုခဲ့သဖြင့် ဒဏ်ကြေးငွေ ပေးဆောင်၍ မှတ်ပုံတင်ပြီး ဌာနပိုင်မော်တော်ယာဉ်အဖြစ် အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း ဦးဌေးအောင်ထံမှ ကျပ်သိန်း ၁၀၀ ရယူကြောင်း၊ ထိုငွေထဲမှ ကျပ် သိန်း ၆၀ ဖြင့် အဆိုပါယာဉ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ခိုင်လုံသော အထောက်အထား ပြသနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ အချက်အပေါ် ဦးဌေးအောင်က ဦးရည်မွန်၏ လိုင်စင်မဲ့ယာဉ်တင်သွင်းခဲ့မှု၊ ကျပ်သိန်း ၁၀၀ လာဘ်ယူမှုနှင့် အခြားဌာနဆိုင်ရာ ယာဉ် ၁၆ စီးကို လိုင်စင်ပေးခဲ့သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ဆောင်မှုအပေါ် မေးခွန်းထုတ်ခဲ့ပြီး ဦးရည်မွန် တရားမဝင် တင်သွင်းခဲ့သည့်ယာဉ်မှာ လိုင်စင်ရပြီးပါက ကျပ်သိန်း ၉၀၀ ခန့် ပေါက်စျေးရှိကြောင်းနှင့် နယ်စပ်တွင် ကျပ် သိန်း ၄၀ ခန့်သာရှိကာ နေပြည်တော်သို့အရောက် ကျပ်သိန်း ၆၀ ခန့်ရှိကြောင်း၊ ထိုသို့ ဝန်ထမ်းတစ်ဦးက အဆိုပါ တရားမဝင် တင်သွင်းလာသည့် ယာဉ်အတွက် ကုန်ကျငွေ ကျပ် သိန်း ၆၀ မည်သို့ရခဲ့သည်ကို ပေါ်အောင်စစ်ဆေးရန် လိုအပ်ကြောင်း မေးခွန်းထုတ်ခဲ့သည်။
“တင်သွင်းခွင့်လိုင်စင်မရှိသော ဆိုကတည်းက ဘယ်လောက်တောင် ပြစ်မှုမြောက်နေပြီလဲ။ ဒါမှမဟုတ် ဒီထဲမှာ ရေးထားတာ အရေးယူလို့မရဘူးဆိုတာ ဦးရည်မွန်မို့ မရတာလား။ အရာရှိမို့ မရတာလား။ ဌာနဆိုင်ရာ အမည်သုံးလိုက်တာနဲ့ပဲ Without ယာဉ်တစ်စီးဟာ တရားဝင်သွားပြီလား။ ထို့ပြင် ဘယ်မှာ လျှောက်လဲဆိုတော့ ကညနရုံးချုပ်မှာ လိုင်စင်လျှောက်ထားတယ် ပြောပါတယ်။ လျှောက်ထားတဲ့ရက်က ဘယ်ရက်လဲ။ ကျွန်တော်သိထားသလောက် ကျွန်တော်ဖော်ထုတ်ချက်အရ မော်တော်ကားဟာ အသွင်သဏ္ဌာန် ပြောင်းလဲတယ်ဆို ဘယ်လိုအဓိပ္ပာယ်လဲ ကျွန်တော်မသိပါ။ ၁၉၈၀ မော်ဒယ်နဲ့ ၁၉၉၈ မော်ဒယ်ဟာ ၁၈ နှစ်ကွာပြီး စျေးတအားကွာပါတယ်။ ကျွန်တော် ကားအဟောင်းလည်း ပုံနဲ့တကွ ထုတ်ဖော်တိုင်ကြားပါတယ်။ လက်ရှိသုံးနေတဲ့ကားကိုလည်း ဖော်ပြပါတယ်။ အသွင်သဏ္ဌာန်ပြောင်း၍ ကညနမှာ လျှောက် ထားတယ်ဆိုရာမှာ ကွဲလွဲနေပါတယ်။ ၁၉၈၀ ခုနှစ် ဌာနပိုင်ကားကို လူနေအိမ်တွေမှာ ထားတာ လိုက်ပြပေးပါတယ်။ အဂတိက ဒုညွှန်ချုပ်လိုက်စစ်ချိန်မှာ ဒီကားကို ရွှေ့သွားပါတယ်” ဟု ဦးဌေးအောင်က ဆိုသည်။
ထို့ပြင် ဦးဌေးအောင်က “ဦးရည်မွန်ဟာ Without ကားဝယ်ခဲ့တယ်လို့ ဖော်ပြထားတယ်။ ဝန်ထမ်းတစ်ယောက် ကျပ်သိန်း ၆၀ သုံးတယ်ဆိုရင် ပေါ်အောင်စစ်ဖို့လိုတယ်။ ကျွန်တော့်ဆီက ယူတဲ့ငွေ မဟုတ်ရင် ဘယ်နား စစ်ပြီးပြီလဲ” ဟု မေးခွန်းထုတ်သည်။
ထို့ပြင် နိုင်ငံတော်က ဖမ်းဆီးသိမ်းဆည်းသည့် ယာဉ်များကို ဌာနဆိုင်ရာသို့ ခွဲဝေပေးသည့် အခြေအနေများနှင့် ကွဲလွဲပြီး ဦးရည်မွန်၏ လိုင်စင်မဲ့ယာဉ် အပါအဝင် ၁၆ စီးကို လိုင်စင်ပေးခဲ့သည့် ကညန၏ လုပ်ထုံး လုပ်နည်းများကို မေးခွန်းထုတ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အရေးယူချင်ပါက ဦးရည်မွန်၏ တရားမဝင် ယာဉ်တင်သွင်းမှုသာမက ကျန်ယာဉ် ၁၆ စီး ကိုပါ အရေးယူနိုင်ကြောင်း ဦးဌေးအောင်က ဆိုသည်။
“ကျွန်တော်တိုင်တာ မဟုတ်ရင် ကျွန်တော့်ကို အရေးယူလို့ရတယ်။ ကျပ်သိန်း ၁၀၀ လာဘ်ပေးတာ ဘယ်သူသိလဲဆို ကော်မရှင်ရဲ့ အတွင်းရေးမှူး (ယခင်) ဗိုလ်မှူးချုပ်ကျော်ကျော် ကိုယ်တိုင် သိပါတယ်” ဟု ဦးဌေးအောင် က ဆိုသည်။
ထိုပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုကော်မတီထံမှ တစ်သိန်း လက်ခံရယူ၍ နေပြည်တော်ကမ္ဘောဇဘဏ်ခွဲ(၃) တွင် ဘဏ်စာရင်းဖွင့်လှစ်၍ သုံးစွဲကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ယင်းသို့ ဘဏ်စာရင်း ဖွင့်လှစ်သည့်ငွေမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် ယာယီအပ်နှံသည့် ငွေဖြစ်ခြင်း၊ အပ်နှံငွေမှာ နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ ပိုင်ငွေဖြစ်ခြင်း၊ အဆိုပါ အပ်နှံငွေကိုခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးရေးကိစ္စအတွက်သာ သုံးစွဲခဲ့ခြင်း၊ ယင်းကိစ္စအတွက် အခွင့်အရေး တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိကြောင်းကို စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်းလည်း ကော်မရှင်က ရှင်းလင်းထားသည်။
အဆိုပါ ဘဏ်စာရင်းတွင် ဒေါ်လာတစ်သိန်းဟု ဖော်ပြထားသော်လည်း ဦးဌေးအောင် တိုင်ကြားခဲ့သည်မှာ ဒေါ်လာ ၅၀၀၀၀ သာဖြစ်ကြောင်း၊ ဘဏ်စာရင်းကို ဦးဌေးအောင်က ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်ခြင်းကြောင့် ကျပ်သိန်း ၅၈၀၀ ဝင်ငွေစီးဆင်းမှုရှိကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဆိုသော်လည်း အဆိုပါအကောင့်မှာ ဟိုတယ်/ခရီးမှ အဆင့်မြင့်အရာရှိကြီးများ၏ အမည်နှင့် ဖွင့်လှစ်ထားကာ ယင်းကျပ်သိန်း ၅၈၀၀ စီးဆင်းမှုများအပေါ် ငွေစာရင်းစစ်ဆေးခဲ့မှု မရှိဘဲ ကိုယ်ပိုင်ငွေကဲ့သို့ သုံးစွဲခဲ့သည်ကို တွေ့မြင်ရသည်ဟု ဦးဌေးအောင်က ဆိုသည်။
“အပ်နှံငွေမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ပိုင်ငွေလို့ ဆိုတယ်။ ဘာကိုဆိုလိုတာလဲ။ အဖွဲ့ပိုင်ငွေဆို သူ့အဖွဲ့မှာပဲ ရှိရမယ်။ ဘာဖြစ်လို့ အဲဒီမှာ အပ်ရတာလဲ။ ဒီလို စာရွက်စာတမ်းနဲ့ တောင်းတာကို ဘာလို့ Cover လုပ်ပေးနေတာလဲ။ ဒါကို ပေါ် အောင်ဘာလို့ မစစ်လဲ။ ကိန်းဂဏန်းကလည်း ဒီမှာ ဒေါ်လာတစ်သိန်းပဲ ဖော်ပြတယ်။ ကျွန်တော် ကိုယ်တိုင် ကမ္ဘောဇဘဏ်ရဲ့ ဖန်သားပြင်မှာကြည့်ခဲ့တာ သိန်း ၅၈၀၀ ရှိတယ်။ ပြန်ထွက်သွားတော့လည်း နာမည်တွေနဲ့ပဲ ထွက်ထွက်သွားတာ။ ဘယ်ကိုမှ ဘယ်အဖွဲ့ အစည်းမှ သွားတာမဟုတ်ဘူး။ ငွေဝင်ငွေ ထွက်ပေါင်း ၄၀ ကျော် ရှိတယ်။ မည်သည့်အဖွဲ့အစည်းမှ ပေးထားတာ မရှိဘူး” ဟု ဦးဌေးအောင်က ဆိုသည်။
ထို့ပြင် တိုင်ကြားစာတွင် မပါဝင်သော်လည်း စုံစမ်းစစ်ဆေးစဉ် ထပ်မံတိုင်ကြားမှုအရ Stand ဟိုတယ်နှင့် သမ္မတဟိုတယ်တို့ကို အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်း၊ အင်လျားလိတ် ဟိုတယ်ဝင်းအတွင်း Convention Centre ဆောက်လုပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟောင်ကောင်အခြေစိုက် Stand Hotel International Limited တို့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၁၅.၅. ၁၉၉၀ ရက်စွဲပါ ခွင့်ပြုမိန့်ဖြင့် Myanmar Hotel International Limited ဖက်စပ် ကုမ္ပဏီ ထူထောင်ပြီး ပဋိညာဉ်စာချုပ်ချုပ်ဆို၍ ၎င်း ပဋိညာဉ်စာချုပ်ပါ စည်းကမ်းသတ် မှတ်ချက်များနှင့်အညီ အထက်ပါလုပ်ငန်းများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ဟုလည်း ကော်မရှင်က ရှင်းလင်းထားသည်။
အဆိုပါ အချက်နှင့်ပတ်သက်ပြီး အင်းလျားလိတ်ဟိုတယ်တွင် Convention ကြီး တစ်ခုဆောက်ခဲ့ခြင်းမှာ လာဘ်ယူခွင့်ပြုခဲ့သည့် အခွင့်အရေးပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါအချက်နှင့်ပင် မေးခွန်းထုတ်လိုကြောင်း၊ ဦးရည်မွန် အဂတိလိုက်စားမှု ရှိ မရှိ မဲခွဲဆုံးဖြတ်သည်ဆိုရာတွင် မည်သည့်ရာခိုင်နှုန်းက လာဘ်ယူသည်၊ မည်သည့်ရာခိုင်နှုန်းက လာဘ်မယူဟု ဆုံးဖြတ်သည်ကို သိလိုကြောင်း ဦးဌေးအောင်က ဆိုသည်။
ထို့ပြင် ဦးဌေးအောင်အနေဖြင့် Facebook တွင် ရေးသားနေမှုမှာ အမြဲတမ်း အတွင်းဝန် ဦးရည်မွန်အပြင် မန္တလေးမြို့ရှိ မင်းသားကြီးဟိုတယ်၊ မန္တလေးစီးတီးဟိုတယ်နှင့် ဟိုတယ်မန္တလေးတို့အား တစ်လလျှင် ကျပ် ခြောက်သိန်း၊ ရှစ်သိန်းနှင့် ငါးသိန်းတို့နှင့် ပတ်သက်ပြီး ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်ကိုပါ စင်ကာပူအထိလိုက်ပါ အဂတိလိုက်စားသည်ဟု ရေးသားနေခြင်းဖြစ်ပြီး အဆိုပါ ရေးသားချက်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တုံ့ပြန်ဖြေရှင်းသတင်း ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြမှု မရှိသဖြင့် မေးမြန်းရာ ဦးဌေးအောင်က ဦးအုန်းမောင်နှင့် ပတ်သက်ပြီး အဆိုပါကိစ္စများမှာ ဦးအုန်းမောင်လက်ထက် ဖြစ်ပွားခဲ့ခြင်း ဟုတ် မဟုတ် အတည်ပြုခဲ့နိုင်သော်လည်း ဦးအုန်းမောင် အမည်ဖော်ပြပြီး အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ အမည်ဖော်ပြတိုင် ကြားခဲ့မှု မရှိကြောင်းသိရသည့်အပြင် ဦးအုန်းမောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ခေါ်ယူစစ်ဆေးသည် သိရှိရကြောင်း ပြောကြားသည်။
ထိုသို့ အဂတိလိုက်စားမ ှုတိုက်ဖျက်ရေး ကော်မရှင်၏ ထုတ်ပြန်ချက်အပေါ် ဦးဌေးအောင်က လူမှုကွန်ရက် Facebook တွင်ပါ Live လွှင့် သတင်းစာရှင်းလင်းမှုနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူဦးကျော်စိုးထံ ဆက်သွယ်မေးမြန်းရာ ဦးကျော်စိုးက အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ဖြစ်စဉ်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် ပြောစရာ စကား မရှိပါကြောင်း ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
