Top News

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများ မိုးမကျမီ လယ်ယာကိုု်င်းကျွန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရခိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ တင်ပြချက်များအတိုင်း ဆောင်ရွက်မည်ဟု ဆို
24htopnews | December 4, 2024 7:12 AM CST

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် မိုးမကျမီလယ်ယာကိုင်းကျွန်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရခိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ တင်ပြချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဧပြီ ၉ ရက်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်အသင်းအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယနေ့တွေ့ဆုံမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်အသင်းအဖွဲ့အစည်းများမှ ဆွေးနွေးလာမည့် အချက်အလက်များကို နားထောင်၍ မှတ်တမ်းယူသွားမည်ဖြစ်ကြောင်း၊ မိမိတို့ ကော်မတီဖွဲ့စည်းရသည့် အဓိကတာဝန်သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် လက်ရှိပဋိပက္ခများနှင့်ပတ်သက်၍ တွေ့ဆုံသင့် တွေ့ဆုံထိုက်သည့် ပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ ပြောဆိုအကြံပြုချက်များကို ရယူသွားမည်ဖြစ်ကြောင်း၊ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ ညှိနှိုင်းသုံးသပ်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခကိုပြေလည်အောင်၊ ငြိမ်းချမ်းအောင် နှင့် ရေရှည်တွင် လုပ်သင့်လုပ်ထိုက်သည်များကို စာတမ်းတစ်စောင်ပြုစု၍ အစိုးရအဖွဲ့သို့ တင်သွင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ၍ မြို့ပေါ်သို့ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများကို တစ်ဖက်တစ်လမ်းမှ ကူညီရမည်ဖြစ်ကြောင်း၊ ထိုသို့ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း ပြင်ဆင်ကြိုးပမ်းလျက်ရှိကြောင်း၊ ယခုရခိုင်ခရီးစဉ်တွင် မြောက်ဦးနှင့် ကျောက်တော်မြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် အဓိကအကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို လျော့ကျစေရန်၊ တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် မိုးမကျမီ မိမိနေရပ်သို့ပြန်လည်၍ လယ်ယာကိုင်းကျွန်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို ရခိုင်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များက တင်ပြလာသည့် အချက်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စစ်တွေမြို့တွင်လည်း ပါတီအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ တင်ပြလာသည့် အချက်အလက်များကို ရယူသွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံသင့်သည့် ပညာရှင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဦးအေးသာအောင်က ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ရခိုင်အသင်းအဖွဲ့အစည်းများက အကြံပြုတင်ပြချက်များကို ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း နှင့် ဦးညီလှငယ်တို့က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ အမြန်ဆုံး လျော့ကျ၍ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်ရမည့် စီမံချက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK