Top News

Asean Cup ပြိုင်ပွဲအတွက် အသင်းခေါင်းဆောင် မောင်မောင်လွင်နှင့် လွင်မိုးအောင်တို့ လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနေပြီး ကစားသမားအချို့ ယခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိမည်
24htopnews | December 4, 2024 1:12 PM CST

 

၂၀၂၄ Asean Cup ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမလူစာရင်းတွင် ပါဝင်သည့် ပြည်ပကလပ်အသင်းများ၌ ကစားနေသူများအနက် အသင်းခေါင်းဆောင် မောင်မောင်လွင်နှင့် ကွင်းလယ်ကစားသမား လွင်မိုးအောင်တို့ အသင်းနှင့်လာရောက် ပူးပေါင်းနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် ပဏာမကစားသမားများအနက် ပြည်ပကလပ်များတွင် ကစားနေသူ ရှစ်ဦး ထည့်သွင်းရွေးချယ်ထားပြီး ထိုင်းနှင့် မလေးရှားလိဂ်ပြိုင်ပွဲများကို Asean Cup ပြိုင်ပွဲကာလအတွင်း ရပ်နားခြင်းမရှိသဖြင့် သက်ဆိုင်ရာကလပ်များက စေလွှတ်ပေးမှသာ ကစားခွင့်ရမည်ဖြစ်သည်။ 

ပြည်ပကလပ်များတွင် ကစားနေသူများအနက် မလေးရှားကလပ် ကီလန်တန်အသင်း၌ ကစားနေသည့် တိုက်စစ်မှူး အောင်ကောင်းမာန်မှာ အစောဆုံး လာရောက်ပူးပေါင်းနေပြီး ထိုင်းကလပ် လမ်ဖွန်ဝါရီယာအသင်း တောင်ပံကစားသမား မောင်မောင်လွင်နှင့် ထိုင်းကလပ် ရရောင်းအသင်း ကွင်းလယ်ကစားသမား လွင်မိုးအောင်မှာလည်း ဒီဇင်ဘာလဆန်းပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘောဒီးယားကလပ်များ၌ ကစားနေသည့် နာဂါဝေါလ်အသင်း တောင်ပံကစားသမား သီဟဇော်နှင့် Tiffy Army အသင်း နောက်ခံလူ စိုးမိုးကျော်တို့နှစ်ဦး ယနေ့ ထပ်မံရောက်ရှိလာမည် ဖြစ်သည်။ ကျန်ကစားသမားများအနက် ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဝင်းနိုင်ထွန်းနှင့် ကန်ချာနာဘူရီအသင်း တိုက်စစ်မှူး သန်းပိုင်တို့မှာမူ ပြိုင်ပွဲနီးမှ လာရောက်ပူးပေါင်းနိုင်မည်ဖြစ်ပြီး မလေးရှားကလပ် နီဂျီရီဆီဘမ်လမ်အသင်း တောင်ပံကစားသမား ဟိန်းထက်အောင်ကိုမူ ကလပ် အသင်းက စေလွှတ်ပေးလိုခြင်းမရှိသဖြင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။  

၂၀၂၄ Asean Cup ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၃၀ ဖြင့် ဖွဲ့စည်းထားသော်လည်း အမာခံကစားသမားအချို့မှာ အကြောင်းအမျိုးမျိုး ကြောင့် ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ လက်ရှိပဏာမလူစာရင်းတွင် ကစားသမားသစ်အချို့လည်း ရွေးချယ်ခံထားရသည်။


READ NEXT
Cancel OK