Top News

Sinovac ဆေးကုမ္ပဏီက တောင်အာဖရိကတွင် ကမ္ဘာလုံးဆိုင်ရာ ကလေးသူငယ် ကာကွယ်ဆေးစမ်းသပ်မှု အစီအစဉ် စတင်လုပ်ဆောင်
24htopnews | December 4, 2024 6:12 PM CST

တရုတ်ဆေးကုမ္ပဏီ Sinovac က ဦးဆောင်၍ တောင်အာဖရိကနိုင်ငံတွင် ကလေးများနှင့် ဆယ်ကျော်သက်များအပေါ် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေး စမ်းသပ်လေ့လာမှု အဓိကအဆင့်ကို စက်တင်ဘာ ၁၀ ရက်က စတင်လုပ်ဆောင်ခဲ့ပြီး ပရီတိုးရီးယားမြို့တော်တွင် ပါဝင်စမ်းသပ်ခံသူနှစ်ဦးကို ပထမဆုံး ကာကွယ်ဆေးထိုးနှံခဲ့သည်။

ချီလီ၊ ကင်ညာ၊မလေးရှား၊ဖိလစ်ပိုင်နှင့် တောင်အာဖရိကတို့တွင် ပြုလုပ်သည့် ယင်းသုတေသနတွင် အသက်ခြောက်လမှ ၁၇ နှစ်အရွယ်ကြား ကလေး ၁၄,၀၀၀ ကို Sinovac ၏ နှစ်လုံးထိုးကာကွယ်ဆေး Corona Vac ၏ ထိရောက်နိုင်စွမ်းကို စမ်းသပ်လေ့လာခဲ့သည်။

Corona Vac ကာကွယ်ဆေးသည် နိုင်ငံပေါင်း ၅၀ ကျော်တွင် အရွယ်ရောက်ပြီးသူများကို အရေးပေါ် အသုံးပြုထိုးနှံပေးရန် ခွင့်ပြုချက်ရရှိထားသည်။ အသက်သုံးနှစ်မှ ၁၇ နှစ်အကြားအရွယ် သန်းနှင့်ချီသည့် ကလေးများကို ကာကွယ်ဆေးထိုးနှံပြီးစီးသည့် တရုတ်နိုင်ငံတွင် မကြာသေးမီကာလအတွင်း Corona Vac ကို အသက်ငယ်ရွယ်သူများအား ထိုးနှံပေးရန် အတည်ပြုခဲ့သည်။

အသက် ၁၈ နှစ်အောက်အရွယ်များကို ကာကွယ်ဆေးထိုးနှံပေးရခြင်း မရှိသေးသည့် တောင်အာဖရိကနိုင်ငံတွင် ပရီတိုးရီးယားမြို့တော်ရှိ Sefako Makgatho ကျန်းမာရေးသိပ္ပံ တက္ကသိုလ်၏ တက္ကသိုလ်နယ်မြေအတွင်း ဆယ်ကျော်သက်နှစ်ဦးကို ကာကွယ်ဆေးထိုးနှံမှုနှင့်အတူ သုတေသနအစီအစဉ်ကို စတင်ပြုလုပ်ခဲ့သည်။

“ကလေးတွေမှာ အပျော့စားနဲ့ သိပ်မပြင်းထန်တဲ့ ရောဂါအများအပြားကို ကျွန်မတို့တွေ တွေ့ရပါတယ်။ဒါပေမဲ့ သူတို့တွေက ဒီရောဂါတွေရဲ့ဒဏ်ကို ခံနိုင်ရည်မရှိသေးပါဘူး” ဟု စီမံကိန်းညွှန်ကြားရေးမှူး ဆာနတ်အက်စ်ပီနယ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“သူတို့တွေ(ကလေးများ)ဆီကို ရောဂါကူးစက်ရင် သူတို့တွေကနေတစ်ဆင့် အခြားလူတွေဆီကိုပါ ကူးစက်နိုင်ပါတယ်” ဟု ၎င်းကရှင်းပြခဲ့ပြီး တရုတ်ကာကွယ်ဆေးသည် ဘေးကင်းစွာအသုံးပြုနိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် Moderna တို့က ၎င်းတို့၏ကာကွယ်ဆေးများကို ကလေးများတွင် စမ်းသပ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းကာကွယ်ဆေးများကို နိုင်ငံအများအပြားတွင် ကလေးများကို ထိုးနှံပေးရန် ခွင့်ပြုချက် ရရှိထားသည်။

တောင်အာဖရိက ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီဥက္ကဌ ဂလန်ဒါဂရေးက တောင်အာဖရိကအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာရန်တိုက်တွန်းခဲ့သည်။

“COVID-19 ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ ကလေးတွေကို စမ်းသပ်မှုနှောင့်နှေးခြင်းက COVID-19 ကို ထိန်းချုပ်နိုင်ဖို့ ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း နှောင့်နှေးစေပါတယ်” ဟု ၎င်းကဆိုသည်။

တောင်အာဖရိကလူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် အသက် ၁၉ နှစ်အောက် လူငယ်များဖြစ်သည်။

တောင်အာဖရိကတွင် သုတေသနဆောင်ရွက်ချက်၌ ပါဝင်ရန် စာရင်းပေးထားသူ ၂,၀၀၀ ရှိပြီး ယင်းသုတေသနကို Sinovac ၏ ပြည်တွင်းမိတ်ဖက်ဖြစ်သည့် Numolux Group နှင့် တွဲဖက်ပြုလုပ်ခဲ့သည်။


READ NEXT
Cancel OK