Top News

Mu ဟုလူသိများသည့် COVID-19 မျိုးကွဲသည် စိုးရိမ်ဖွယ်မျိုးကွဲအဖြစ် အလားအလာရှိဟု အီးယူအေဂျင်စီ ထုတ်ပြန်
24htopnews | December 4, 2024 6:12 PM CST

Mu ဟုလူသိများသည့် COVID-19 မျိုးကွဲသည် လက်ရှိကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များအား လွှမ်းမိုးထားသည့် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲကို ကျော်လွန်သွားနိုင်သည့် အချက်အလက်များ လက်ရှိအချိန်အထိ မရှိသေးသော်လည်း ယင်းမျိုးကွဲသည် စိုးရိမ်ဖွယ်မျိုးကွဲတစ်ခု ဖြစ်လာနိုင်သည်ဟု ဥရောပဆေးဝါးအေဂျင်စီ (EMA) က စက်တင်ဘာ ၉ ရက်၌ ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလက ကိုလံဘီယာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သည့် Mu ဗိုင်းရပ်စ်မျိုးကွဲ၏ သိပ္ပံအမည်မှာ B.1.621 ဖြစ်ပြီး ယင်းမျိုးကွဲကို စိတ်ဝင်စားဖွယ်မျိုးကွဲ (variant of interest) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုလအစောပိုင်း၌ သတ်မှတ်ခဲ့သည်။

အလွန်ကူးစက်မြန် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲကို အဓိကအာရုံစိုက်နေသည့် EMA သည် ပီရူးတွင်စတင်တွေ့ရှိသည့် Lambda ဗိုင်းရပ်စ်မျိုးကွဲနှင့် Mu ဗိုင်းရပ်စ် မျိုးကွဲကဲ့သို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိသည့် အခြားဗိုင်းရပ်စ်မျိုးကွဲများကိုလည်း စောင့်ကြည့်လေ့လာနေသည်ဟု EMA ၏ ကာကွယ်ဆေး မဟာဗျူဟာအကြီးအကဲ မာကိုကာဗယ်လယ်ရီက ပြောကြားခဲ့သည်။

Mu ဗိုင်းရပ်စ်မျိုးကွဲသည် ကိုယ်ခံအားကို ရှောင်ရှားနိုင်ကြောင်း အလားအလာရှိသည့် ဂုဏ်သတ္တိများကို ဖော်ပြနေသော အားကောင်းသည့် သန္ဓေပြောင်းမှုများရှိနေသည့်အတွက် ယင်းမျိုးကွဲသည် စိုးရိမ်ဖွယ်အလားအလာများရှိသည်ဟု ၎င်းကဆိုသည်။

အီးယူအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံအတွက် ဆေးဝါးများကို စစ်ဆေးပေးသည့် အမ်စတာဒမ် အခြေစိုက် EMA အဖွဲ့သည် Mu ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုများကို တိုက်ဖျက်ရန် လက်ရှိကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ၏ ထိရောက်မှုနှင့်ပတ်သက်၍ ကာကွယ်ဆေး ထုတ်လုပ်သူများနှင့် ဆွေးနွေးသွားမည်ဟု ကာဗယ်လယ်ရီက ပြောကြားခဲ့သည်။

“ဒါပေမဲ့ Mu ဗိုင်းရပ်စ်မျိုးကွဲဟာ အများအပြား ကူးစက်ပျံ့နှံ့နေတယ်ဆိုပြီး ပြသနေတဲ့ အချက်အလက်တွေ အခုချိန်ထိ ကျွန်တော်တို့မှာ မရှိသေးပါဘူး။ အဲ့ဒါကြောင့် ဒီမျိုးကွဲဟာ လက်ရှိလွှမ်းမိုးနေတဲ့ ဒယ်တာဗိုင်းရပ်မျိုးကွဲကို လွှမ်းမိုးနိုင်တဲ့ အခွင့်အရေး ရှိ၊မရှိဆိုတာကို ကျွန်တော်တို့ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

COVID-19 ရောဂါကိုဖြစ်စေသည့် SARS-CoV-2 အပါအဝင် ဗိုင်းရပ်စ်အားလုံးသည် အချိန်နှင့်အမျှ သန္ဓေပြောင်းနေပြီး သန္ဓေပြောင်းမှုအများစုဟာ ဗိုင်းရပ်စ်ရဲ့ ဂုဏ်သတ္တိများအပေါ် သက်ရောက်မှုအနည်းငယ် သို့မဟုတ် သက်ရောက်မှုလုံးဝမရှိပေ။

သို့သော် အချို့သော သန္ဓေပြောင်းမှုများသည် ဗိုင်းရပ်စ်၏ ဂုဏ်သတ္တိများအပေါ် သက်ရောက်မှု ရှိနိုင်သည့်အပြင် ဗိုင်းရပ်စ်ကိုအလွယ်တကူ ကူးစက်ပျံ့နှံ့စေနိုင်ခြင်း၊ ကူးစက်ခံရသူကို ရောဂါပြင်းထန်စေခြင်းနှင့် ကာကွယ်ဆေးများ၊ ကုသဆေးများကို ခံနိုင်ရည်ရှိခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။

နိုင်ငံပေါင်း ၁၇၀ တွင် ကူးစက်ပျံ့နှံ့နေသည့် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲနှင့် နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် ကူးစက်ပျံ့နှံ့နေသည့် အယ်ဖာမျိုးကွဲ အပါအဝင် လက်ရှိအချိန်တွင် စိုးရိမ်ရမျိုးကွဲလေးခုရှိကြောင်း WHO က သတ်မှတ်ထားသည်။ Mu အပါအဝင် မျိုးကွဲငါးခုကို လက်ရှိအချိန်တွင် စောင့်ကြည့်လေ့လာနေသည်။

ကိုလံဘီယာနိုင်ငံတွင် Mu မျိုးကွဲကို တွေ့ရှိခဲ့ပြီးနောက် တောင်အမေရိကနိုင်ငံများနှင့် ဥရောပတို့တွင် ယင်းမျိုးကွဲကူးစက်မှုဖြစ်စဉ်များကို တွေ့ရှိခဲ့သည်။              


READ NEXT
Cancel OK