Top News

မြန်မာ- တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးကုမ္ပဏီ တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီ ဖွဲ့စည်း
24htopnews | December 4, 2024 7:12 PM CST

ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်မည့် မြန်မာ- တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ ၂၂ ရက်က ထုတ်ဝေသည့် နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။

အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် အဆိုပါ ကော်မတီတွင် ပြည်ထဲရေး ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ် ဦးဆောင်ကာ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး ဌာနကြီးမှူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်သည်။

အဆိုပါကော်မတီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများလည်း ပါဝင်သည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်ခြင်းရှိမရှိ၊ အများပြည်သူတို့အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းဖွယ်ရာရှိမရှိ၊ နိုင်ငံတော်ကချမှတ်ထားသောမူဝါဒများနှင့် ညီညွတ်မှုရှိမရှိ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍကို ထိခိုက်မှုမရှိစေရေးနှင့် အထောက်အကူပြုမည့်အချက်များ ပါဝင်မှုရှိမရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်မှုရှိမရှိ၊ မမျှော်မှန်းနိုင်သော အခြေအနေများအတွက် နောက်ဆက်တွဲထည့်သွင်းစဉ်းစာရန်အချက်များ ပါဝင်ခြင်းရှိမရှိနှင့် ဖြည့်စွက်ရန် လိုမလို အစရှိသည်တို့ကို စိစစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်း တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကို ထိခိုက်စေနိုင်သည့်အချက်များ ပါဝင်ခြင်းရှိမရှိ၊ နားလည်မှုစာချွန်လွှာမှာ သက်တမ်းကာလသတ်မှတ်၍ ချုပ်ဆိုခြင်းဖြစ်သော်လည်း ကုမ္ပဏီတည်ထောင်ပြီးပါက နားလည်မှုစာချွန်လွှာရပ်စဲမည့်ကာလတွင် ကုမ္ပဏီကိုပါ ဖျက်သိမ်းနိုင်မည့် အစီအမံ သုံးသပ်ဖြည့်စွက်ရန် လိုမလို၊ ပြည်ပမှ တင်သွင်းလာမည့် လက်နက်များ၊ အထူးကိရိယာတန်ဆာပလာများ( ဆက်သွယ်ရေးစက်များအပ်အဝင် အခြားကြီးကြပ်ကန့်သတ်ပစ္စည်းများ) နှင့် စပ်လျဉ်း၍ မည်ကဲ့သို့ တင်သွင်းခွင့်ပြုမည်၊ မည်ကဲ့သို့ထိန်းချုပ်သုံးစွဲစေမည်ဆိုသည့်အချက် ဖြည့်စွက်ရန် လိုမလို၊ လုံခြုံရေးကုမ္ပဏီတည်ထောင်ပြီးစီးပါက ယင်းကုမ္ပဏီမှ လုံခုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ ကိစ္စရပ်များအပါအဝင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများအပေါ် ဖောက်ဖျက်ကျူးလွန်မှုရှိပါက မည်ကဲ့သို့အရေးယူဆောင်ရွက်မည်၊ မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက်မည်စသည့် အချက်များကို ဖြည့်စွက်ရန် လိုမလို၊ လုံခြုံရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ အခါအားလျော်စွာထုတ်ပြန်သည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်ဆိုသည့်အချက် ထည့်သွင်းရန် သင့်မသင့်၊ ယခင်နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၄၁/ ၂၀၁၈ ဖြင့် ထုတ်ပြန်သည့် သဘောတူစာချုပ်များ ချုပ်ဆိုရာတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်နှင့် ညီညွှတ်မှုရှိမရှိ အစရှိသည်တို့ကိုလည်း စိစစ်ရမည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးကုမ္ပဏီတည်ထောင်ရန် တရုတ်နိုင်ငံဘက်မှ အဆိုပြုလာခြင်းဖြစ်ပြီး  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီ အနေဖြင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးချိန်တွင် လုပ်ငန်းတာဝန်ပြီးဆုံးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်ထားသည့် အမိန့်စာတွင် ဖော်ပြထားသည်။


READ NEXT
Cancel OK