Top News

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား တရားရုံးက အာမခံပေး
24htopnews | December 5, 2024 5:12 AM CST

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်း နှင့် သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်း(ခ)ဖြိုးဝေတို့ကို အောက်တိုဘာ ၂၆ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

အောက်တိုဘာ ၂၆ ရက် ရုံးချိန်းတွင် စွပ်စွဲခံရထားသူများ၏ ရှေ့နေများက ယခင် ရုံးချိန်းတွင် အာမခံလျှောက်ထားမှုအား တာမွေမြို့နယ် တရားသူကြီးက အာမခံဖြင့် အမှုကို ဆက်လက်ရင်ဆိုင်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

‘‘ဒီနေ့က သတင်းသမားသုံးဦးကို သိန်း ၅၀ တန်နှစ်ဦးစီနဲ့ သုံးယောက်စလုံးကို အာမခံပေးတယ်။ ပေးတဲ့အပေါ် တရားမျှတစွာနဲ့ အချုပ်ထုချေလွှာမှာ ဖော်ပြထားတဲ့အတိုင်း အချက်အလက်တွေအပေါ်မူတည်ပြီး အာမခံ ပေးခဲ့တယ်။ အာမခံပေးတဲ့ တရားသူကြီးကို လက်ခုပ်တီးပြီး ဝိုင်းချီးကျူးကြတယ်။ ပုံမှန်အားဖြင့် ၅၀၅(ခ)ကိုကြောက်ပြီး အာမခံမပေးကြဘူး။ တရားသူကြီးက သတ္တိရှိရှိနဲ့ ပေးခဲ့တယ်။ ဒါပေမဲ့ တစ်ခုဝမ်းနည်းစရာကောင်းတာ ဘာလဲဆိုတော့ သမ္မတရဲ့ညွှန့်ကြားလွှာလို့ ပြောရမှာပေါ့။ ဒီအမှုကို သတင်းမီဒီယာ ဥပဒေနဲ့ပဲ ၂၁၊ ၂၂၊ ၂၃ တွေနဲ့ အရေးယူဆိုပြီးတော့ ရန်ကုန်တိုင်းအစိုးရကို ညွှန်ကြားခဲ့တယ်။ အဲဒီညွှန်ကြားချက်အရဆိုရင် ဒီနေ့မှာ ရန်ကုန်တိုင်းအစိုးရဘက်ကနေပြီးတော့ အမှုကို ရုပ်သိမ်းလွှာတင်ရမယ်။ ရုပ်သိမ်းလွှာတင်ပြီးတဲ့နောက်မှာ သတင်းမီဒီယာကောင်စီကို သူတို့သွားပြောရမယ်။ သတင်းမီဒီယာကောင် စီကလည်း ဒီအမှုကို ရုပ်သိမ်းပြီးမှသာလျှင် လက်ခံစဉ်းစားမယ်လို့ ပြောတယ်။ ဒါဥပဒေ နဲ့အညီကို ပြောတာ။ ပြီးတော့မှ သတင်းမီဒီယာကောင်စီမှာ ဆွေးနွေးကြမယ်။ ဒီဘက်ကို  သူတို့က တောင်းပန်ခိုင်းမယ်။ ဒီဘက်က လည်း တောင်းပန်စရာမလိုဘူး။ ကျွန်တော်တို့ မှန်တာပဲရေးတာပဲဆိုလို့ရှိရင် သူတို့ မကျေနပ်ဘူးဆိုလို့ရှိရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းမီဒီယာဥပဒေအရ တရားစွဲလို့ရတယ်။ တရားရုံးမှာ တရားစွဲလို့ရှိရင် တရားရုံးက သတ်မှတ်ထားတဲ့ပြစ်ဒဏ်တွေ ချမှတ်မှာပဲ။ တကယ်လို့ Eleven က မှားတယ်ဆိုရင်ပေါ့လေ။ အပြိုင်အဆိုင် သက်သေတွေပြလို့ မှားတယ်ဆိုလို့ရှိရင်။ ဒါပေမဲ့လို့ သတင်းမီဒီယာဥပဒေမှာ ထောင်ဒဏ်တော့မပါဘူး။ အမှန်မှန်တော့ ဒီနေ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ က တရားလိုကို ဆက်စစ်ရမယ်။ ဒါပေမဲ့ သူက သွေးတိုးနေလို့ဆိုပြီးတော့ မလာဘူး။ ခွင့်တင်တယ်’’ဟု တရားစွဲဆိုခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က မီဒီယာများအား ပြောကြားသည်။



ထို့ပြင် တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်အား မီဒီယာသမားတစ်ဦးက ရန်ကုန်တိုင်းအစိုးရအဖွဲ့က သမ္မတအမိန့်ကို အာခံတဲ့ သဘောလားဟု မေးမြန်းရာ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ‘‘အမှန်မှန်တော့ တိုက်ရိုက်အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်တော့ အဲဒီသဘော သက်ရောက်တာပေါ့နော်။ အတိအကျတော့ ရန်ကုန်တိုင်းအစိုးရကပဲ သိမှာပေါ့လေ။ သမ္မတကတော့ သတင်းမီဒီယာဥပဒေနဲ့ပဲ အရေးယူပါလို့ပြောတယ်။ ဒီဘက်က မရုပ်ပေးဘူးဆိုတော့ သမ္မတအမိန့်ပြောတဲ့ဟာကို လိုက်နာရာ မရောက်သေးဘူးဆိုတာကတော့ အတိအကျထင်ရှားတယ်’’ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

အောက်တိုဘာ ၁၇ ရက် ရက်စွဲဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက Weekly Eleven ဂျာနယ်ပါ ဆောင်းပါးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေတင်ပြသည့်ကိစ္စအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးသို့ ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းညွှန်ကြားချက်တွင် ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းပေးရန်၊ ညှိနှိုင်းရာတွင် ပြေလည်မှုမရှိပါက တိုင်ကြားသူ (သို့မဟုတ်) ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှုပြုထားကြောင်း ဖော်ပြထားသည်။ ယင်းညွှန်ကြားစာမှာ မှန်ကန်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်ပြုခဲ့သည်။



‘‘တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြတယ်။ တင်ပြတဲ့အပေါ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်သမ္မတဆီက လမ်းညွှန်မှုခံယူတယ်။ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်မှုကို ပြည် ထောင်စုအစိုးရအဖွဲ့က ပြန်ပြီးလမ်းညွှန်ထားတယ်။ အသေးစိတ်ကတော့ တိုင်းအစိုးရအဖွဲ့ကို မေးလိုက်ပေါ့နော်။ အဓိကçကတော့ တရားစွဲတာနဲ့ပတ်သက်လို့ ဘယ်လိုဘယ်လိုလုပ်ရမယ်ဆိုတာကို လမ်းညွှန်ထားတာပေါ့။  ရန်ကုန်တိုင်းတစ်ခုတည်းကို’’ဟု ဦးဇော်ဌေးက ပြောကြားသည်။

ယင်းသို့ ညွှန်ကြားအပြီး နောက်တစ်ရက်  (အောက်တိုဘာ ၁၈ ရက်) တွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းမီဒီယာကောင်စီသို့ လာရောက်တိုင်ကြားခဲ့ရာ  အမှုရုပ်သိမ်းပြီးမှသာ ကောင်စီအနေဖြင့် ဖြေရှင်းပေးနိုင်မည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ မှ ဦးမြင့်ကျော်က ပြောကြားထားသည်။

အောက်တိုဘာ ၂၆ရက် ရုံးချိန်းတွင် တရားလိုကို  တရားရုံးတွင် ဆက်လက်စစ်ဆေးရန် ချိန်းဆိုခဲ့သော်လည်း တရားလိုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဦးအောင်ကျော်ခိုင်က သွေးတိုးသည် ဟုဆိုကာ ခွင့်တိုင်ကြားခဲ့သည့်အတွက်တရား လိုအား ဆက်လက်စစ်ဆေးရန် နိုဝင်ဘာ ၉ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။



အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသော ‘အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိသည့် ကျောင်းကား နှင့် လူအမည်ပေါက်ပြည်သူ့ရှယ်ယာ’ ဆောင်းပါး၌ Yangon Metropolitan Development Public အများပိုင်ကုမ္ပဏီတွင် ဦးမြင့်သောင်း အမည်ဖြင့် ထည့်ဝင်ထားသည်ဟု မဟုတ်မှန်ကြောင်း ဦးမြင့်သောင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ယင်းကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ထားခြင်းဖြစ်ပြီး ပြည်သူ့ဘဏ္ဍာရှယ်ယာများကို ဦးမြင့်သောင်း၏အမည်ပေါက်ဖြင့် ရှယ်ယာဝင်ထားခြင်းမဟုတ်သဖြင့် ဆောင်းပါးတွင် ရေးသားထားသည်မှာ မှားယွင်းနေကြောင်း၊ ယင်းသို့ရေးသားဖော်ပြသည့် Yangon Metropolitan Development Public အများပိုင်ကုမ္ပဏီတွင် အစုရှယ်ယာ ထည့်ဝင်ထားသည့် မြန်မာ့ဆောက်လုပ်ရေး ဖွံ့ဖြိုးရေးနှင့် အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ တာဝန်ရှိသူများ အစုရှယ်ယာရှင်များ၏ စိတ်တွင် ထိတ်လန့်ခြင်း၊ ကြောက်ခြင်းများ ဖြစ်ပေါ်စေပြီး ထူထောင်ထားသော အများပိုင်ကုမ္ပဏီကို အများပြည်သူ အယုံကြည်မဲ့စေခြင်းအပြင် တိုင်းအစိုးရအဖွဲ့ အကြည်ညိုပျက်စေပြီး အယုံကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်ချင်လာအောင် ပြုလုပ်သည်ဟုဆိုကာ တရားလိုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်အပါအဝင် သုံးဦးအား တာမွေမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့်ဦးတိုက်လျှောက် တရားစွဲခဲ့ခြင်းဖြစ် သည်။

ယင်းသို့ ဦးတိုက်လျှောက် တရားစွဲဆိုခဲ့သည့်နေ့တွင်ပင် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီး အောက်တိုဘာ ၉ ရက် ညပိုင်းတွင် တရားစွဲဆိုခံရသူ အယ်ဒီတာချုပ်အပါအဝင် သုံးဦးကို ရဲတပ်ဖွဲ့က  Eleven Media Group ရုံးသို့ လာရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် အယ်ဒီတာချုပ် အပါအဝင် သုံးဦးက တာမွေမြို့မရဲစခန်းသို့ သွားရောက်အစစ်ဆေးခံခဲ့ပြီး တာမွေတရား ရုံးမှတစ်ဆင့် အဖမ်းခံခဲ့ကြောင်း သိရသည်။ 

အောက်တိုဘာ ၂၆ ရက် ရုံးချိန်းတွင် ပြည်တွင်းမီဒီယာများနှင့် ပြည်ပမီဒီယာများ က သတင်းရယူခြင်း၊ တိုက်ရိုက်သတင်းတင် ဆက်မှုများ ပြုလုပ်ခဲ့ပြီး တရားရုံးအရှေ့တွင် လူတစ်ဦးက ‘‘ကြည်ညိုပါသည်၊ ကြည်ညိုပါ သည်’’ဟု ရေးသားထားသော စတေကာအား အင်္ကျီတွင်ကပ်၍ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။


READ NEXT
Cancel OK