Top News

အသက်အာမခံနှင့် ထိခိုက်မှု အာမခံထားရှိသော မြန်မာရွှေ့ပြောင်းလုပ်သား တစ်သောင်းကျော်အထိရှိ
24htopnews | December 5, 2024 5:12 AM CST

နိုင်ငံအသီးသီးသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ကြသော မြန်မာလုပ်သားများအနက် အသက်အာမခံ နှင့် ထိခိုက်မှုအာမခံထားရှိသူ ဦးရေ တစ်သောင်းကျော်အထိ ရှိကြောင်း အောက်တို ဘာ ၂၇ ရက်တွင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က စုံစမ်းသိရှိရသည်။

ပြည်ပထွက်ခွာ၍ အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများအတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့ ပူးပေါင်း၍ အသက်အာမခံနှင့် ထိ ခိုက်ဒဏ်ရာရရှိမှု အာမခံထားရှိခြင်းကို ဇွန်လ ဒုတိယပတ်တွင် စတင်ခဲ့ပြီးလက်ရှိအချိန်ထိ အာမခံထားရှိသူ ၁၁၀၀၀ ခန့်ရှိကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်အထိ အာမခံလုပ်ထားတဲ့ဦးရေ ၁၀,၂၉၁ ဦးရှိပါတယ်။ အခုလောက်ဆို ၁၁,၀၀၀ နီးပါး လောက်ရှိမယ်။ တစ်နေ့ကို လူ ၁၀၀၊ ၂၀၀ နီးပါးလောက် အာမခံလာလုပ်နေကြတာကိုး။ တစ်လကို ပြည်ပကိုထွက်တဲ့လုပ်သားက တစ်သောင်းခွဲကျော်လောက် ရှိတာကို အခုအာမခံလာလုပ်တဲ့လူက နည်းနေသေးတာပေါ့။ ဒီထက်များလာအောင် အေဂျင်စီ တွေကို စည်းရုံးနေပါတယ်။ ဒါက မလုပ်မနေရ မဟုတ်ဘူးလေ။ ဒါပေမဲ့ အေဂျင်စီတွေက မြန်မာ့အာမခံနဲ့ မဟုတ်ဘဲ အခြားအာမခံကုမ္ပဏီတွေနဲ့ ထားတာလည်း ရှိတယ်လေ” ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောကြားသည်။

ပြည်ပနိုင်ငံအသီးသီးသို့ သွားရောက် အလုပ်လုပ်မည့် မြန်မာလုပ်သားများအတွက် အာမခံကြေးများမှာ အသက်အာမခံအတွက် ကျပ် နှစ်သောင်းခွဲနှင့် ထိခိုက်ဒဏ်ရာရရှိမှု အာမခံအတွက် ကျပ် ငါးထောင်နှစ်ခုစလုံး အတွက် ကျပ်သုံးသောင်းအား မြန်မာ့အာမခံ လုပ်ငန်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအာမခံသည် တစ်နှစ်အတွင်း ပြည်ပနှင့် ပြည်တွင်းတို့တွင် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် အသက်သေဆုံးမှုတို့အတွက်အကျုံး ဝင်မည်ဖြစ်ကြောင်း သိရသည်။

MOEAF အဖွဲ့ချုပ်အောက်တွင် ပြည်ပ အလုပ်အကိုင်အေဂျင်စီပေါင်း ၂၆၀ ကျော် ရှိပြီး ယင်းအေဂျင်စီများမှတစ်ဆင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ယူ အေအီး၊ ဂျော်ဒန်နှင့် ကာတာစသည့် နိုင်ငံများသို့ မြန်မာလုပ်သားများကို တရားဝင် စေလွှတ်လျက်ရှိသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သူများမှာ ယခုနောက်ပိုင်းတွင် ပိုမိုများပြားလာကြောင်း သိရသည်။


READ NEXT
Cancel OK