Top News

စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့သို့ တိုင်ကြားသည့်အမှုများ ယခင်နှစ်ကထက် နှစ်ဆမြင့်တက် 
24htopnews | December 5, 2024 5:12 AM CST

ယခုနှစ်အတွင်း စားသုံးသူရေးရာဦးစီးဌာနအောက်ရှိ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားလာသည့်အမှုပေါင်း ၂၀၀ ကျော်ရှိပြီး ယခင်နှစ်ကထက် နှစ်ဆမြင့်တက်ခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။ 

“ဝန်ဆောင်မှုလုပ်ငန်းတွေဆိုတာ အများကြီးပါ။ အခုနောက်ပိုင်းက ဆက်သွယ်ရေး၊ ခရီးသွားဝန်ဆောင်မှုတွေ ရုပ်သံလိုင်း ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ များပါတယ်။ ခရီးသွားဆို အဓိကက အာမခံပေးထားတဲ့ အပိုင်းတွေနဲ့ ဆိုင်တယ်။  မူလဈေးကွက်ကို ကြော်ငြာတုန်းက ပြောထားတာတွေနဲ့ လက်တွေ့နဲ့ မကိုက်ညီတာမျိုးတွေကို ကျွန်တော်တို့ဆီ တိုင်ကြားမှုများပါတယ်။ မိုဘိုင်းတွေနဲ့ပတ်သက်လို့လည်း တိုင်ကြားတာ များပါတယ်။ အရေအတွက်အားဖြင့်တော့ ၂၀၁၇ ကတော့ တစ်နှစ်လုံးမှ ၁၀၄ မှုအထိပဲရှိပါတယ်။ ဒီနှစ် ၂၀၁၈ မှာ တော့ ပြီးခဲ့တဲ့ဧပြီကနေ သြဂုတ်လကုန်အထိက ၁၅၀ ကျော်။ အခုဆိုရင် ၂၀၀ လောက် အထိ တိုင်ကြားမှုမြင့်တက်လာပါတယ်။ ဒီလို မြင့်တက်လာတာကလည်း ကျွန်တော်တို့ ဌာနဘက်က ဆောင်ရွက်ပေးတာတွေလည်း ရှိပါတယ်။ နဂိုက တိုင်ကြားမှုတွေကို ရုံးမှာ စာနဲ့ပေနဲ့ တိုင်ကြားရတယ်။ အခုဆိုရင် ဝက် ဆိုက်လွှင့်ထားပါတယ်။ အဲဒီမှာ စားသုံးသူ တွေကို အသိပေးလိုတဲ့ သတင်းအချက်အလက်တွေပေးတဲ့အပြင် ကိုယ့်ရဲ့ နစ်နာမှုကို တိုင်ကြားဖို့ ဖောင်လေး ရှိပါတယ်။ အဲဒီမှာ ဖြည့်စွက်တိုင်ကြားလို့ ရပါတယ်။ FB က CICC Page  တွေမှာလည်း ကနဦးတိုင်ကြားမှုတွေလည်း လုပ်လို့ရပါတယ်”  ဟု ဦးဆွေတင့်ကြူးက ပြောကြားသည်။ 

ယခုနှစ်ပိုင်းအတွင်း စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားလာသည့်အမှုများအနက် စားသောက်ကုန်များ၏ အရည်အသွေးပိုင်းနှင့်ပတ်သက်သော အမှုများသာမက အခြားဝန်ဆောင်မှုအပိုင်း နှင့်ပတ်သက်သော တိုင်ကြားမှုများပါ မြင့်တက်လာကြောင်း သိရသည်။ 

ထို့ပြင် ဝယ်ယူစားသောက်သုံးစွဲကြသည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့်နေ့နှင့် သက်တမ်းကုန်လွန်သည့်နေ့တို့အား မသင်္ကာဖွယ်ရာပြုပြင်ထားခြင်းများ တွေ့ရှိပါက တိုင်ကြားရန် စားသုံးသူရေးရာဦးစီးဌာနက အ သိပေးနှိုးဆော်ထားသည်။ 

တိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ (CICC) များအပြင် လူမှုကွန်ရက်စာမျက်နှာရှိ CICC-Nay Pyi Taw မှတစ်ဆင့် လည်းတိုင်ကြားနိုင်ကြောင်းနှင့် ပြည်ထောင်စုနယ်မြေ ၀၆၇၃-၄၃၀၄၆၈၊ ၀၆၇၃- ၀၄၃၀၁၄၉၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ၀၁-၂၄၅၀၈၆ သို့  ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း သိရသည်။ 

လက်ရှိ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေတွင် စားသုံးသူများနစ်နာဆုံးရှုံးမှုများအပေါ် ပြည့်ဝစွာကာကွယ်ပေးနိုင်ရေးနှင့် ကျင့်ဝတ် နှင့်မညီသော စီးပွားရေးလုပ်ငန်းများအပေါ် စစ်ဆေးအရေးယူနိုင်ရေးအတွက် အားနည်းချက်များ ရှိခဲ့သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

စားသုံးသူကာကွယ်ရေး လက်ရှိဥပဒေ နှင့် ပြင်ဆင်မည့်ဥပဒေသစ်တွင် ကွာခြားချက်များအနက် ယခင်ဥပဒေတွင် အခန်း ၁၂ ခန်းသာ ပါဝင်သော်လည်း ယခုဥပဒေတွင် အခန်း ၂၆ ခန်း ပါဝင်ခြင်း၊ လက်ရှိ ဥပဒေတွင်  ပုဒ်မ ၃၁ ခုသာ ပါဝင်သော်လည်း အသစ်ပြဋ္ဌာန်းမည့် ဥပဒေတွင် ပုဒ်မ ၈၇ ခု ပါဝင်ခြင်း၊ ယခင်က ပြစ်ဒဏ်ချမှတ်ရာတွင် ပြစ်ဒဏ်အမျိုးအစားတစ်မျိုးတည်းသာ ချ မှတ်နိုင်သော်လည်း ပြဋ္ဌာန်းမည့်ဥပဒေသစ်တွင် ပြစ်မှုအကြီးအသေးပေါ်မူတည်၍ ပြစ်ဒဏ်အမျိုးမျိုး ရွေးချယ်ချမှတ်နိုင်ခြင်းများ အပါအဝင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာ အသက်ရှင်နေထိုင်သုံးစွဲမှုများ ဆောင်ရွက်သွားနိုင်ရေးအတွက် အသေး စိတ်ညီညွတ်မျှတမှုရှိစေရန် ရေးဆွဲထား ကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများမှ အကာအကွယ်ပေးနိုင်ရေးအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေသစ်အား လွှတ်တော် အသီးသီးတွင် အမြန်ဆွေးနွေးပြဋ္ဌာန်း နိုင်ရေးအတွက် လုပ်ဆောင်နေကြောင်းလည်း သိရသည်။  


READ NEXT
Cancel OK