Top News

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြု၍ စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဓာတ်သတ္တု ထုတ်လုပ်ခြင်း၊ ဥပဒေနှင့်အညီ အခြားလုပ်ငန်းများ အသုံးချစီမံဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးနေဟုဆို
24htopnews | December 5, 2024 5:12 AM CST

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရန်တို့အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးနေကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ယင်းသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးနေသကဲ့သို့ လုပ်ငန်းများ ပိုမိုအဆင်ပြေ လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော် မတီများ၏ စီမံခန့်ခွဲပိုင်ခွင့်အား ၂၀၁၈ ခုနှစ် ပြင်ဆင်သည့်ဥပဒေအရ တိုးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါပြင်ဆင်သည့် ဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် လုပ်ကိုင်ခွင့်ပြုအမိန့် မရရှိမီ လုပ်ငန်းများ ဆောင်ရွက်ထားမှုရှိပါက ခြောက်လအတွင်း သက်ဆိုင်ရာကော်မတီများသို့ တင်ပြလျှောက်ထားရန်လိုအပ်ကြောင်း၊ ဥပဒေနှင့်အညီ တရားဝင် လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် သတင်းစာနှင့် မီဒီယာများမှတစ်ဆင့် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးတွင် ယခုအစိုးရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၃/၂၀၁၆)၊ (၁၂/၂၀၁၈) နှင့် (၁၃/၂၀၁၈) အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ ယခုအစိုးရကာလသက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထား မှတ်ချက်ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများ၊ ယခင်ဗဟို အဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေရိုင်းများအား ပြန်လည်အပ်နှံခွင့်ပြုပါရန် လျှောက် ထားလာခြင်းကိစ္စရပ်များ၊ ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုခဲ့သည့် အမိန့်စာမူရင်း ပျောက်ဆုံးမှုနှင့် ဒုတိယမိတ္တူ လျှောက်ထားခြင်းကိစ္စရပ်များ၊  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ် ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းစိစစ်ရန် သီးခြားအဖွဲ့ဖွဲ့စည်းခြင်းကိစ္စရပ်များ၊ ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေ (၂၀၁၈ ခုနှစ်) အား သတင်းစာတွင် အများသိစေရန် ကြေညာရန်ကိစ္စရပ်များ၊ ဗဟိုကော်မတီ၏ ခွင့်ပြုချက်မရဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ရယူအသုံးပြုမှုများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီများသို့ အကြောင်းကြားဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 


READ NEXT
Cancel OK