Top News

GAVI အဖွဲ့အစည်း၏ အထောက်အပံ့ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက Mobile Tablet အလုံး ၁၄၀၀၀ ထပ်မံဝယ်ယူမည် 
24htopnews | December 5, 2024 5:12 AM CST

မကြာမီတွင်  Mobile Tablet များ အသုံးပြု၍ အဝေးမှဆေးပညာ သင်ကြားခြင်း (Tele education)၊ တိုင်ပင်ဆွေးနွေးခြင်း(Tele consultation) နှင့် ကုသမှုပေးခြင်း(Tele medicine) တို့ကို လုပ်ဆောင်မည်ဖြစ်ပြီး GAVI အဖွဲ့အစည်း၏ အထောက်အပံ့ဖြင့်  Mobile Tablet အလုံးရေ ၁၄၀၀၀ လုံး ထပ်မံ ဝယ်ယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ 

အဆိုပါ Tablet များသည် ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေနှင့် ကပ်ရောဂါ အသွင်ဖြင့် ရောဂါများဖြစ်ပွားသော အခါ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ နှင့် ဆောင်ရွက်ရန် အချက်များကို အချိန်နှင့် တပြေးညီ အကြောင်းကြားနိုင်မည်ဖြစ် ကြောင်း၊ မြို့နယ်/တိုက်နယ်များတွင် ပိုမိုအရည်အသွေးပြည့်ဝသော ကုသမှုများပေး နိုင်ခြင်းဖြင့် လူထုအနေဖြင့်အလှမ်းဝေးကွာသော မြို့ကြီးများရှိ ဆေးရုံကြီးများသို့ သွားရောက် ကုသမှုခံယူရန် လိုအပ်မှုနည်းပါးလာမည်ဖြစ်ကြောင်းနှင့် Mobile Tablet များ အသုံးပြု၍ အင်တာနက်ကွန်ရက်မှတဆင့် သက်ဆိုင်ရာဆေးပညာရပ် ပါမောက္ခများနှင့်ဆေး ပညာရှင်ကြီးများ၏ ဟောပြောပို့ချမှုများကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“သားဖွားဆရာမတွေ အပါအဝင် အခြေခံကျန်းမာရေးဝန်ထမ်းတွေကို ပေးအပ်မယ့် Mobile Tablet  တွေမှာ ကျန်းမာရေးဆိုင်ရာ Application တွေ ကျန်းမာရေးဆိုင် ရာ စံပြုအချက်အလက်တွေ၊ ဝန်ထမ်းတွေသိသင့်သိထိုက်တဲ့လမ်းညွှန်တွေကို အရန်သင့် ထည့်သွင်းထားပါမယ်။ ဒီဖုန်းတွေကတဆင့် နောက်ဆုံးပေါ်ဆေးပညာတွေကို လေ့လာနိုင်သလို သတင်းအချက်အလက် ပေးပို့ဖလှယ်တာတွေကိုလည်း လုပ်ဆောင် နိုင်ပါမယ်”  ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခြေခံကျန်းမာရေးဝန်ထမ်းများ အတွက် ပေးအပ်သော Tablet များတွင် ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲစာအုပ် စာတမ်းများ၊ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စသည့် စာအုပ်စာတမ်း ၁၂၀ကျော်ပါဝင်ပြီး မြို့နယ်/ တိုက်နယ်ဆရာဝန်များအတွက် ဖြန့်ဝေသည့် Tablet များတွင် ကုသရေးဆိုင်ရာ ခေတ်မီနောက်ဆုံးပေါ် စံကုထုံးများ၊ လက်စွဲစာအုပ်များ၊ မှီငြမ်းရမယ့်စာအုပ်များ စသည်တို့ကို ထည့်သွင်းထားကြောင်းနှင့် ပါဝင်သည့်လုပ်ငန်းလမ်းညွှန်မှစ၍ စာအုပ်စာတမ်းများကို ခေတ်မီနည်းပညာဖြင့် ဗဟိုမှ နေ၍ အချိန်နှင့်တပြေးညီ ပေးပို့၊ ပြင်ဆင်၊ ထပ်မံ ထည့်သွင်းခြင်းများပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

Mobile Tablet များအတွက် ရင်းနှီး မြှုပ်နှံခြင်းသည် ရင်းနှီးမှုပမာဏထက် အဆ ပေါင်းများစွာသော ကျန်းမာရေးဆိုင်ရာ အကျိုးအမြတ်များ ပြန်လည်ရရှိနိုင်မည်ဖြစ် ကြောင်းနှင့်  လက်ရှိ Mobile Tablet အလုံးရေ ၁၃၄၇၇ လုံးကို နိုင်ငံတော်မှခွင့်ပြုဘဏ္ဍာငွေဖြင့် ဝယ်ယူထားပြီး ပုဂ္ဂလိကအဖွဲ့အစည်းများက အလုံး ၆၅၀ လှူဒါန်းခဲ့ကာ GAVI အဖွဲ့၏ ထောက်ပံ့ငွေဖြင့် အလုံးရေ ၁၄၀၀၀ ကိုလည်း ထပ်မံဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ Tablet အများကို အသုံးပြု ခြင်းဖြင့် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို သိရှိနိုင်ခြင်း၊ နောက်ဆုံးပေါ် ဆေးပညာရပ်များကို သိရှိနိုင်ခြင်း၊ ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ နှင့် ချိတ်ဆက်၍ ကျွမ်းကျင်မှုဆိုင်ရာ ကူညီ ထောက်ပံ့မှုရယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းနှင့် မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက် ဒေသများတွင် နေထိုင်ကြသည့်အတွက် ကျေး လက်ဒေသတွင် အများစု တာဝန်ထမ်းဆောင်ကြရသော ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးပိုမိုမြင့်မားစွာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


READ NEXT
Cancel OK