Top News

အဝေးကွင်းနိုင်ပွဲနဲ့ လီဗာပူးလ်ကိုဖိအားဆက်ပေးတဲ့ မန်စီးတီး
24htopnews | December 5, 2024 12:12 PM CST

■ အဲဗာတန် ၁-၃ မန်စီးတီး

ပရီးမီးယားလိဂ်ပွဲစဉ် (၇) စနေညရဲ့နောက်ဆုံးပွဲစဉ်မှာတော့ မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းကို ဂူဒီဆင်ပါ့ခ်မှာ (၃-၁)ဂိုးနဲ့အနိုင်ယူပြီး လီဗာပူးလ်ကို ဖိအားဆက်ပေးနိုင်ခဲ့ပါတယ်။ 

အစောပိုင်းပွဲစဉ်မှာ ချန်ပီယံပြိုင်ဘက် လီဗာပူးလ်ကအမှားအယွင်းမရှိ နိုင်ပွဲယူထားနိုင်လို့ အခုပွဲစဉ်ကို မန်စီးတီးသတိကြီးကြီးထားကစားခဲ့ပြီး အဂွဲရိုး၊ ဘာနာဒိုဆေးလ်ဗား၊ ဒေးဗစ်ဆေးလ်ဗားတို့ ပွဲထွက်စာရင်းမှာမပါဝင်ခဲ့ပေမယ့် ဂျေးဇူး၊ စတာလင်၊ မာရက်ဇ်၊ ရိုဒရီ၊ ဒီဘရိုင်းနားတို့ရဲ့စုဖွဲ့မှုက တောင့်တင်းခဲ့ပါတယ်။

အဲဗာတန်အသင်းကလည်း အိမ်ကွင်းမှာရလဒ်ကောင်းဖို့အတွက် ရစ်ချာလီဆန်၊ ကယ်လ်ဗတ်လီဝင်၊ ဆီဂတ်ဆန်၊ ဝဲလ်ကော့၊ ရှနိုက်ဒါလင်တို့ကိုပွဲထုတ်ပြီး အကောင်းဆုံးတုံ့ပြန်ခဲ့တာပါ။

ပွဲစကတည်းက မန်စီးတီးအသင်းကစားကွက်စီးဖို့ကြိုးစားခဲ့ပေမယ့် အဲဗာတန်အသင်းရဲ့ လျင်မြန်တဲ့တုံ့ပြန်မှုတွေကြောင့်အခက်တွေ့ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် (၂၄)မိနစ်မှာတော့ မန်စီးတီးအဖွင့်ဂိုးရသွားခဲ့ပြီး ဒီဘရိုင်းနားရဲ့ပေးပို့မှုကနေ ဂျေးဇူးက ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။

ဒါဟာ ဒီဘရိုင်းနားအတွက် ဒီရာသီအစပွဲစဉ် (၇)ပွဲကစားပြီးချိန်မှာ ဂိုးဖန်တီးမှု (၈)ကြိမ်ပြည့်ခဲ့တာဖြစ်ပြီး ၂၀၀၉-၁၀ ရာသီက အာဆင်နယ်ကွင်းလယ်လူ ဖာဘရီဂတ်စ်ရဲ့စံချိန်ကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။ 

ဂိုးပေးလိုက်ရပြီးချိန်မှာ အဲဗာတန်အသင်း ချေပဂိုးရဖို့ ကြိုးစားလာခဲ့လို့ အခွင့်အရေးတွေရခဲ့ပြီး ပွဲချိန် (၃၃)မိနစ်မှာ ကိုးလ်မန်းရဲ့ပေးပို့မှုကနေ ကယ်လ်ဗတ်လီဝင်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ပထမပိုင်း လက်ကျန်မိနစ်တွေမှာတော့ နှစ်သင်းစလုံးဂိုးထပ်မသွင်းနိုင်လို့ (၁-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးရဖို့ပိုကြိုးစားလာတဲ့ မန်စီးတီးကြောင့် အဲဗာတန်တို့ ခံစစ်မှာပဲအချိန်ကုန်နေခဲ့ရပါတယ်။

ပွဲချိန်ကြာလာတာနဲ့အမျှ မန်စီးတီးရဲ့ကစားအားကို အဲဗာတန်ယှဉ်ဖို့ခက်ခဲ့ပြီး အနိုင်ဂိုးတွေ ပေးခဲ့ရတာပါ။

ပွဲချိန် (၇၁)မိနစ်မှာ မန်စီးတီးအသင်း ဒုတိယဂိုးရခဲ့ပြီး မာရက်ဇ်က ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းယူခဲ့တာပါ။

အနိုင်ဂိုးပေးလိုက်ရပြီးချိန်မှာ အဲဗာတန်အသင်းအခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် မန်စီးတီးဂိုးသမား အီဒါဆန်ရဲ့လက်စွမ်းပြမှုကြောင့် ဂိုးထပ်မရခဲ့ပါဘူး။

ပွဲချိန် (၈၄)မိနစ်မှာတော့ မန်စီးတီးအသင်း တတိယဂိုးရခဲ့ပြီး တောင်ပံကစားသမား စတာလင်က အဂွဲရိုးရဲ့ပေးပို့မှုကနေ အန်ထွက်လာတဲ့ဘောလုံးကို အပြင်းကန်သွင်းယူခဲ့တာပါ။

ဒါဟာ စတာလင်အတွက် ကစားသမားဘဝ ကလပ်အသင်းတွေနဲ့အတူ သွင်းဂိုး (၁၀၀)ပြည့်ခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းအတွက် (၇၇)ဂိုး၊ လီဗာပူးလ်အသင်းအတွက် (၂၃)ဂိုးသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ကျန်မိနစ်မှာတော့ မန်စီးတီးအသင်းပွဲကိုထိန်းကစားပြီး လိုအပ်တဲ့အနိုင်ရလဒ်ကို ရယူသွားခဲ့လို့ (၃-၁)ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီအနိုင်ရလဒ်ကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ လီဗာပူးလ်ကို (၅)မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

 


READ NEXT
Cancel OK