Top News

၂၀၁၉ ခုနှစ် ရှစ်လဝန်းကျင်အတွင်း စက်သုံးဆီဆိုင် ၁၈၀ ခန့်ခွင့်ပြုခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကစက်သုံးဆီဆိုင်ပေါင်း ၂၅၆၆ ဆိုင်အထိရှိလာ
24htopnews | December 5, 2024 1:12 PM CST

၂၀၁၉ ခုနှစ် ရှစ်လဝန်းကျင်အတွင်း စက်သုံးဆီဆိုင် ၁၈၀ နီးပါးခွင့်ပြုခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကစက်သုံးဆီဆိုင်ပေါင်း ၂၅၆၆ ဆိုင်အထိရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ထုတ်ပေးထားသော စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ ပုဂ္ဂလိကစက်သုံးဆီဆိုင် ၂၃၈၉ ဆိုင်ခွင့်ပြုထားရာမှ ၂၀၁၉ ခုနှစ် သြဂုတ် ၂၆ ရက်စာရင်းများအရ စက်သုံးဆီဆိုင်ပေါင်း ၂၅၆၆ ဆိုင်အထိ ခွင့်ပြုခဲ့ရာ ရှစ်လနီးပါးအတွင်း စက်သုံးဆီဆိုင် ၁၇၇  ဆိုင်လိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် သြဂုတ် ၂၆ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအလိုက် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ထုတ်ပေးထားသော စက်သုံးဆီဆိုင်များမှာ ပြည်ထောင်စုနယ်မြေတွင် ၉၃ ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈၃ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၃၁ ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၁၄ ဆိုင်၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၅၆ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် ၁၇၆ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၂၀ ဆိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၈ ဆိုင်၊ ကချင်ပြည်နယ်တွင် ၁၀၈ ဆိုင်၊ ကယားပြည်နယ်တွင် ၁၇ ဆိုင်၊ ကရင်ပြည်နယ်တွင် ၅၀၊ ချင်းပြည်နယ်တွင် လေးဆိုင်၊ မွန်ပြည်နယ်တွင် ၁၂၉ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၃၈ ဆိုင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၅၇ ဆိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၉၂ ဆိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၁၇၀ ဆိုင်တို့ဖြစ်သည်။

သြဂုတ် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချနေသောစျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၈၇၅ ကျပ် (တစ်ဂါလန် ၃၉၇၇ ကျပ်)၊ ပရီမီယံဒီဇယ်တစ်လီတာ ၈၈၅ ကျပ် (တစ်ဂါလန် ၄၀၂၃ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၇၈၀ ကျပ် (တစ်ဂါလန် ၃၅၄၅ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၇၀ ကျပ် (တစ်ဂါလန် ၃၉၅၅ ကျပ်) ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ဆယ်လကျော်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၆ သန်း ကျော်တင်သွင်းမှု ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ ကျော်ရှိသော်လည်း ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန် ၄၄၀၀၀၀ ကျော်နှင့် ဒေါ်လာသန်း ၃၂၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂ ရက်အထိ ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၆၄၇ သန်းကျော် တင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ၂ ဒသမ ၇၅၇ ဘီလျံအထိရှိသည်။ ယခင်နှစ်ကာလတူတွင် တန်ချိန် ၅ ဒသမ ၀၉၁ သန်းကျော် တင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ၃ ဒသမ ၀၈၃ ဘီလျံအထိရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ဆယ်လကျော်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၄၄၄၃၅၉ လျော့ကျခဲ့ပြီး တန်ဖိုးဒေါ်လာ ၃၂၆ ဒသမ ၃၃၈ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ဆယ်လကျော်တွင် ဒီဇယ်တန်ချိန် ၂ ဒသမ ၈၈၈ သန်း တင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ၁ ဒသမ ၆၈၆ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၆၂၀၆၅၇ လျော့ကျခဲ့ပြီး တန်ဖိုးဒေါ်လာ ၃၄၆ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အတူ ဓာတ်ဆီ တန်ချိန်၁ဒသမ ၇၅၈ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၇၈၄၉၈ ပိုမိုတင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁၉ သန်းကျော် ပိုမိုတင်သွင်းထားကြောင်း သိရသည်။

 

 

 


READ NEXT
Cancel OK