Top News

ငါးဖမ်းရာသီဖွင့်ချိန်တွင် ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာ တပ်ဆင်မှသာ လိုင်စင်ထုတ်ပေးမည်ဟု ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားသော်လည်း အဆိုပါစနစ်တပ်ဆင်ရန် တင်ဒါခေါ်ဆိုထားခြင်းမရှိသေး
24htopnews | December 5, 2024 1:12 PM CST

ငါးမဖမ်းရရာသီအား ဇွန် ၁ ရက်မှ သြဂုတ် ၃၁ အထိ ပိတ်သိမ်းထားပြီး ငါးဖမ်းရာသီပြန်ဖွင့်ချိန် စက်တင်ဘာ ၁ ရက်တွင် ကမ်းဝေးငါးဖမ်းရေယာဉ်များကို စောင့်ကြည့်သည့် ကိရိယာ (Vessel Monitoring System) တပ်ဆင်မှသာ လိုင်စင်ထုတ်ပေးမည်ဟု ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားသော်လည်း ထိုစနစ်အားတပ်ဆင်ရန် တင်ဒါခေါ်ထားသည့် အစီအစဉ်ပင်မရှိသေးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ ကမ်းဝေးငါးဖမ်းရေယာဉ်များကို စောင့်ကြည့်သည့်ကိရိယာ (Vessel Monitoring System) အား ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် အပြီးတပ်ဆင်မည်ဖြစ်ကြောင်း အစိုးရသစ်လက်ထက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တတိယနှစ် တစ်နှစ်တာဆောင်ရွက်ချက်များတွင ်ဖော်ပြထားသည်။

“အရင်နှစ်တွေထဲက ငါးလုပ်ငန်းဦးစီးဌာနက လိုင်စင်သတ်မှတ်ချက်မှာ ၂၀၁၉ ခုနှစ် ငါးဖမ်းရာသီဖွင့်ရင် ငါးဖမ်းရေယာဉ်များကို စောင့်ကြည့်သည့် ကိရိယာဆိုတဲ့ ဆက်သွယ်ရေးကို တပ်ရမယ်လို့လိုင်စင်မှာလည်း အချက်အလက်နဲ့ ဆွေးနွေးပွဲလုပ်ကတည်းက အချက်တစ်ခုအနေနဲ့ထည့်ပြီး ဖော်ပြထားတယ်။ လွှတ်တော်တွေမှာလည်း ကတိကဝတ်အနေနဲ့ ဒီနှစ်ထဲမှာ VMS စနစ်ကို တပ်ဆင်မယ်ပြောတယ်။ အခု ငါးဖမ်းရာသီက စက်တင်ဘာ ၁ ရက်ကိုပြန်စတော့မယ်။ VMS မတပ်နိုင်ဘူး။ မတပ်နိုင်ဘူးဆိုတာက VMS က အခုတင်ဒါတောင်မခေါ်ရသေးဘူး” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

အဆိုပါ VMS စနစ်၊ ရွေးချယ်မှု၊ နိုင်ငံတော်ဘက်မှ သတ်မှတ်ထားသည့် ဘတ်ဂျက်စသည်တို့ အဆင်သင့်မဖြစ်သေးကြောင်း၊ စက်တင်ဘာ ၁ ရက်တွင် ငါးဖမ်းရာသီ ပြန်ဖွင့်မည့်ဖြစ်ပြီး လိုင်စင်ထုတ်ယူရန် ရက်အနည်းငယ်သာ ကျန်ရရှိတော့သည့်အတွက် ယခုနှစ် ငါးဖမ်းရာသီအစတွင် အဆိုပါစနစ် မဖြစ်မြောက်နိုင်သေးကြောင်း၊ လွှတ်တော် ကတိကဝတ်ကော်မတီအား ယခုနှစ် ဆိုင်းငံထားရန် ရှင်းပြရန်မည့်အခြေအနေရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“တင်ဒါကို မခေါ်ရသေးတာဆိုတာလည်း သိရတယ်။ ဒါလေးတွေကလည်း မြန်မြန်လုပ်ရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ တစ်နှစ်အချိန်ရတယ်လေ။ တင်ဒါတွေကလည်း ကြိုခေါ်ရမှာပေါ့နော်။ နိုင်ငံတော်ဘက်ကလည်း ဥပဒေတစ်ခုပြုမယ်ဆိုရင် မပြုခင်ကတည်းက လုပ်ရမှာအများကြီးပါဘဲ။ လုပ်ရမှာကို ကြိုပြီးဘယ်လောက်လုပ်ထားပြီးပြီးလည်း ကိုယ်အချိန်မီဖြစ်မလား။ ဒါတွေကိုလည်း သုံးသပ်ဖို့လိုပါတယ်။ ဥပဒေပြုပြီးရင် ဥပဒေက အတည်ဖြစ်မှာလေ။ အတည်ဖြစ်မယ့်ဟာသည် လုပ်ငန်းရှင်ဘက်က ချို့ယွင်းတာမဟုတ်ဘူး။ လုပ်ငန်းရှင်ဘက်ကလည်း တပ်မယ်ပြောပြီးပြီး။ အဆင်သင့်မရှိတဲ့အတွက်ကြောင့် လုပ်မယ်ဆိုပြီး ဆန္ဒတွေစောပြီးတင်လိုက်တယ်။ တကယ်လုပ်ဖြစ်လားဆိုတော့ မလုပ်ဖြစ်ဘူး။ မလုပ်ဖြစ်တဲ့အခါကျတော့ ဒါသည်ပုံရိပ်တစ်ခုပျက်တာပေါ့” မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာတိုးနန္ဒာတင်က ပြောကြားသည်။

ငါးဖမ်းရေယာဉ် စောင့်ကြည့်သည့် ကိရိယာတပ်ဆင်ခြင်းသည် ငါးဖမ်းဆီးသည့်နေရာများကို ငါးလုပ်ငန်းဦးစီးဌာနက ထောက်ခံချက်ပေးနိုင်ပြီး ငါးဖမ်းရေယာဉ်များ၏ ငါးဖမ်းဆီးမှုနှုန်းကိုလည်း ထိန်းချုပ်နိုင်သည်ဟု သိရသည်။

အဆိုပါ ကမ်းဝေးငါးဖမ်းရေယာဉ် စောင့်ကြည်ကိရိယာ၏ စောင့်ကြည်ဌာနချုပ်ကို နေပြည်တော်နှင့် ရန်ကုန်တွင် ထားရှိသွားမည်ဟု  မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

 


READ NEXT
Cancel OK