Top News

အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်မှုကို လက်ရှိပညာသင်နှစ်တွင် Grade 11 တက်ရောက်နေသူများအနက် “စံ” သတ်မှတ်ချက် ခုနစ်ချက်နှင့် ကိုက်ညီသူများကိုသာ ထုတ်ပေးမည်ဟုဆို
24htopnews | December 5, 2024 1:12 PM CST

အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်း လက်မှတ် Secondary Education Completion Certificate ပေးအပ်မှုကို “စံ” သတ်မှတ်ချက် ခုနစ်ချက်ဖြင့် စစ်ဆေးအကဲဖြတ်မည်ဖြစ်ပြီး လက်ရှိပညာသင်နှစ်တွင် Grade 11 တက်ရောက်နေသူများအနက်မှ စံသတ်မှတ်ချက်အားလုံးနှင့် ကိုက်ညီသူများကိုသာ ထုတ်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။

အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်းလက်မှတ် Secondary Education Completion Certificate ပေးအပ်မှုနှင့် ပတ်သက်၍ သတ်မှတ်ထားသည် “စံ” သတ်မှတ်ချက်များသည် (၁)ကျောင်းခေါ်ချိန်ပြည့်မီခြင်း၊ (၂) ပညာရည် စစ်ဆေးအကဲဖြတ်ခြင်း၊ (၃) ဘာသာရပ်အလိုက်တတ်မြောက်မှု အဆင့်သတ်မှတ်ခြင်း၊ (၄)စာပေ၊ အနုပညာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ စာကြည့်တိုက်ဆိုင်ရာ ကဏ္ဍများ၌ ပါဝင်လှုပ်ရှားခြင်း၊ (၅) လူမှုရေးပြစ်ချက်ကင်း၍ ကျောင်းစည်းကမ်းလိုက်နာခြင်း၊ (၆) အားကစားနှင့် ကာယလှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ (၇) ကျောင်းကောင်စီအသင်းအဖွဲ့နှင့် လူမှုရေးအသင်းများတွင် ပါဝင်ဆောင်ရွက်ခြင်း စသည်တို့ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ကျောင်းခေါ်ကြိမ်ပြည့်မီခြင်းအပိုင်းတွင် ပညာသင်နှစ်တစ်၏ ကျောင်းခေါ်ချိန် ၇၅ ဟု သတ်မှတ်၍ ၇၅ ရာခိုင်နှုန်းအောက်ရရှိပါက Completion Certificate ထုတ်ပေးမည် မဟုတ်ကြောင်း၊ စစ်ဘေး၊ သဘာဝဘေး၊ မသန်စွမ်းနှင့် ရွှေ့ပြောင်းလုပ်သားကလေးများအတွက် ကျောင်းခေါ်ကြိမ် ရာခိုင်နှုန်း ၅၀ အထိ လျှော့ပေါ့သတ်မှတ်ရန်၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ ကျောင်းခေါ်ကြိမ်ကို သက်ဆိုင်ရာရုံးဌာနက ကြပ်မတ်ရမည်ဖြစ်ကြောင်း၊ ပညာရည်စစ်ဆေးအပိုင်းတွင် တက်မြောက်မှုစစ်ဆေးခြင်း လေးကြိမ်ဝင်ရောက်ဖြေဆိုလျှင် Grade A သတ်မှတ်မည်ဖြစ်ပြီး Grade B, C, D များ သတ်မှတ်မည်မဟုတ်ကြောင်း၊ ခိုင်လုံသော အကြောင်းပြချက်ဖြင့် ပျက်ကွက်လျှင် ပြန်လည်အစားထိုးဖြေဆိုခွင့်ပြုနိုင်ကြောင်း သိရသည်။

ဘာသာရပ်အလိုက် တတ်မြောက်မှုအဆင့်သတ်မှတ်ခြင်းအပိုင်းတွင် ပျမ်းမျှရမှတ် ၇၅ မှတ်နှင့်အထက်  Grade B၊ ပျမ်းမျှရမှတ် ၆၀ မှတ်မှ ၇၄ မှတ်နှင့်အထိ Brade C၊ ပျမ်းမျှရမှတ် ၄၀ မှတ်မှ ၅၉ မှတ်နှင့်အထိ Grade C၊ ပျမ်းမျှရမှတ် ၃၉ မှတ်နှင့်အောက် Grade D စသည်ဖြင့် သတ်မှတ်မည်ဖြစ်ပြီး တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း လေးကြိမ်မှ ရမှတ်များကိုပျမ်းမျှယူ၍ Grade သတ်မှတ်မည်ဖြစ်ကြောင်း၊ ပျမ်းမျှရမှတ် ၄၀ အောက်ရရှိခဲ့သော ဘာသာရပ်များကိုသာ(အများဆုံး ဘာသာရပ်သုံးဘာသာ)ထပ်မံဖြေဆိုစေပြီး ပျမ်းမျှရမှတ် ၄၀ နှင့် အထက်ရရှိပါက Grade C သာ သတ်မှတ်ပေးရန်ဖြစ်ကြောင်း၊ စာပေ၊ အနုပညာ၊ Project Activities၊ စာကြည့် တိုက်ဆိုင်ရာကဏ္ဍများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းအပိုင်းတွင် နိုင်ငံလက်ရွေးစင်၊ တိုင်းဒေသကြီး၊ ပြည်နယ်လက်ရွေးစင်ဖြစ်သူများအားGrade A၊ ခရိုင်၊ မြို့နယ်၊ ကျောင်းလက်ရွေးစင်ဖြစ်သူများကို Grade B၊ အများနှင့် အတန်းတွင်း စုပေါင်းပါဝင်လှုပ်ရှားသူများကို Grade C၊ ပါဝင်လှုပ်ရှားမှုမရှိသူများကို Grade D သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

လူမှုရေးပြစ်ချက်ကင်း၍ ကျောင်းစည်းကမ်းလိုက်နာခြင်းအပိုင်းတွင် လူမှုရေးပြစ်ချက်များ လုံးဝမကျူးလွန်ဘဲ ကျောင်းစည်းကမ်းလိုက်နာလျှင် Grade A၊ သာမန်စည်းကမ်းတစ်ခုဖောက်ဖျက်လျှင် Grade B၊ သာမန်စည်းကမ်းနှစ်ခုမှ သုံးခုအထိ ဖောက်ဖျက်လျှင် Grade C၊ သာမန်စည်းကမ်းလေးခုနှင့် အထက် ဖောက်ဖျက်လျှင် Grade D သတ်မှတ်မည်ဖြစ်ကြောင်း၊ အားကစားနှင့် ကာယလှုပ်ရှားမှု ဆောင်ရွက်ခြင်းအပိုင်းတွင် နိုင်ငံလက်ရွေးစင်၊ တိုင်းဒေသကြီး/ပြည်နယ်လက်ရွေးစင်ဖြစ်သူများအား Grade A ၊ ခရိုင်^မြို့နယ်၊ ကျောင်းလက်ရွေးစင်ဖြစ်သူများကို Grade B၊ ကျောင်းတွင်းကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများတွင် ပါဝင်လှုပ်ရှားသူများကို Grade C၊ ကျောင်းတွင်းလှုပ်ရှားမှုများတွင်ပါဝင်ခြင်း မရှိသူများကို Grade D သတ်မှတ်မည်ဖြစ်ကြောင်း၊ ကျောင်းကောင်စီအသင်းအဖွဲ့များနှင့် လူမှုရေးအသင်းများတွင် ပါဝင်ဆောင်ရွက်ခြင်းအပိုင်းတွင် အသင်းအဖွဲ့ငါးခုနှင့်အထက် တက်ကြွစွာပါဝင်လှုပ်ရှားလျှင် Grade A၊ အသင်းအဖွဲ့သုံးခု(သို့မဟုတ်)၄ ခု တက်ကြွစွာပါဝင်လျှင် Grade B၊ အသင်းအဖွဲ့တစ်ခု (သို့မဟုတ်) နှစ်ခု တက်ကြွစွာပါဝင်လျှင် Grade C၊ ပါဝင်လှုပ်ရှားမှုမရှိလျှင် Grade D သတ်မှတ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဒေါက်တာတင်မောင်ဝင်းက “လက်မှတ်ရသွားပြီဆိုလို့ရှိရင် အသက်မွေးဝမ်းကျောင်းပညာ တက်ရောက်ခွင့်ရရှိပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းအတွက် အာမခံချက်ရရှိအောင်လည်းပဲ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်အဆင့်မြင့် ပညာကို ပေါင်းကူးသင်ယူလမ်းကြောင်းအတွက်ကိုလည်း ရနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

 


READ NEXT
Cancel OK