Top News

ဘဏ်ချေးငွေ ပြန်ဆပ်နိုင်မှုမရှိသဖြင့် လုပ်ငန်းရှင်ကြီး ၅၀ တရားစွဲဆိုခံရဖွယ်ရှိသည့်အခြေအနေ ဆိုက်ရောက်နေကြောင်းနှင့် ထိုလုပ်ငန်းရှင်ကြီးများ ထိခိုက်မှုအပြင် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ ဝန်ထမ်းများနှင့် အလုပ်သမားများအပေါ်ပါ သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း ထော
24htopnews | December 5, 2024 1:12 PM CST

ဘဏ်ချေးငွေ ပြန်ဆပ်နိုင်မှုမရှိသဖြင့် လုပ်ငန်းရှင်ကြီး ၅၀ ခန့် တရားစွဲဆိုခံရဖွယ်ရှိသဖြင့် ထိုလုပ်ငန်းရှင်ကြီးများ ထိခိုက်မှုအပြင် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ ဝန်ထမ်းများနှင့် အလုပ်သမားများအပေါ်ပါ သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်လလောက်က စသိရတာ။ အကြီးဆုံး ၅၀ ကို စလုပ်ခိုင်းတာ။ ဒါပေမဲ့ သူတို့ တစ်ဆင့်ချင်းတော့ သွားမှာပေါ့” ဟု ဦး မျိုးမြင့်က ပြောကြားသည်။

ဆောက်လုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များသို့ ထုတ်ချေးထားသည့် ကြွေးမြီများကို ဘဏ်များက စက်တင်ဘာလကုန်တွင် တောင်းခံမည်ဆိုသဖြင့် ထို့သို့တောင်းခံပါက စီးပွားရေးလုပ်ငန်းများ အကျပ်အတည်းဖြစ်ပေါ်၍ ဆောက်လုပ်ရေးလုပ်ငန်းများ ပြိုလဲမည်ကို အဓိကစိုးရိမ်ကြောင်း လုပ်ငန်းရှင်များက သြဂုတ် ၂၂ ရက်တွင် တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားပြီးနောက် လက်ရှိအ ခြေအနေအပေါ် ဦးမျိုးမြင့်က ပြောကြားခြင်းဖြစ်သည်။

“တကယ် စီးပွားရေးလုပ်နေတဲ့သူတွေ မေးလိုက်ရင် ယေဘုယျအားဖြင့်တော့ လူတိုင်းနီးနီးက  စီးပွားရေးမကောင်းတဲ့သူတွေဖြစ်နေတယ်။ စီးပွားရေးမကောင်းတော့ သူတို့ယူထားတဲ့ပိုက်ဆံ ပြန်မဆပ်နိုင်ဘူး။  နောက်တစ်ခုက အိမ်ခြံမြေစျေးတွေ၊ တိုက်ခန်းစျေးတွေကလည်း ထိုးကျတယ်။ ထိုးကျတဲ့အပြင်ကို အရောင်းအဝယ်အေးတယ်။ အကယ်၍ ကျရင်ကျတဲ့စျေးနဲ့ အရောင်းအဝယ်ဖြစ်နေရင်တောင် ပြန်ဆပ်ဖို့ လွယ်ကူသေးတယ်။ အခုကျရင်တောင် ကျတဲ့စျေးနဲ့ ပြန်ရောင်းဖို့၊ ပမာဏ အရမ်းများရင်တောင်  ရောင်းလို့ရတဲ့ဟာကျတော့ သူတို့ယူထားတဲ့ Amount နဲ့ဆို အခက်အခဲရှိတယ်။ အကယ်၍ သူတို့ကို By Force နဲ့ ဒီစက်တင်ဘာလကုန် မဖြစ်မနေ ပြန်ဆပ်ကိုဆပ်ရမယ်လို့ ထုတ်လိုက်ရင် သူတို့ကလည်း မဆပ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲဆိုရင် တရားစွဲရတော့မယ်။ တရားစွဲမယ်ဆိုရင် တရားစွဲခံရမယ့် လုပ်ငန်းရှင်တွေက သေးသေးမွှားမွှားတွေ မဟုတ်ဘူး။ နိုင်ငံမှာ အကြီးကြီးတွေများတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုတရားစွဲခံရပြီဆို မီဒီယာပိုင်းကလည်း သိမယ်။ ကျန်တဲ့အပိုင်းကလည်း သိမယ်။ လူထုထဲကလည်း သိမယ်။ သိတဲ့အခါကျတော့ ဘယ်လိုဖြစ်လာမလဲဆိုရင် ဒီလိုတရားစွဲတဲ့အပေါ်မှာ သက်ရောက်မှုတစ်ခုရှိမှာပေါ့။ ဒီလုပ်ငန်းရှင်တွေ တရားစွဲခံရပြီဆိုရင် ဘာဖြစ်လာမလဲဆို ဒီလုပ်ငန်းရှင် ၅၀ ကို တရားစွဲလိုက်ပြီဆိုရင် ဒီလုပ်ငန်းရှင် ၅၀ ပဲ ထိခိုက်သွားမယ်ထင်တာပေါ့။ တကယ်တမ်း ကျွန်တော်တို့ မြင်တာက သူတို့မှာလည်း သူတို့ကိုမှီခိုနေတဲ့ ဝန်ထမ်းတွေရှိတယ်။ သူတို့မှီခိုနေတဲ့ အလုပ်သမားတွေ ရှိတယ်။ သူတို့နဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ သူတွေရှိတယ်။ အဲဒီတော့ ဒီ ၅၀ ဆိုရင် ၅၀။ ၁၀၀ ဆိုရင် ၁၀၀။ ဒီလူတွေတင် ထိခိုက်တာမဟုတ်ဘဲနဲ့ ကျန်တဲ့သူတွေအပေါ်မှာ ထိုက်သင့်တဲ့ ထိရောက်မှုရှိလာမှာပဲ” ဟု ဦးမျိုးမြင့်ကဆိုသည်။

ဦးမျိုးမြင့်၏ ကြားသိရမှုအရ လွန်ခဲ့သည့် နှစ်လခန့်မှစ၍ ချေးငွေပြန်မဆပ်နိုင်သည့် လုပ်ငန်းရှင်များထဲမှ အကြီးဆုံး ၅၀ ကို တရားစွဲဆိုခိုင်းခြင်းဖြစ်ကြောင်းနှင့် ထိုသို့တရားစွဲဆိုမှုမှာ အတိုးမှန်မှန်ပေးဆပ်မှု မရှိခြင်းမှာလည်း ပါဝင်နိုင်သည်ဟုဆိုသည်။ အတိုးပုံမှန်ပြန် ဆပ်နိုင်မှုမရှိဟုဆိုရာတွင်လည်း ချေးငွေဘီလျံ ၁၀၀ ယူထားသူမှာ ဘဏ်တိုး ၁၃ ရာခိုင်နှုန်းဖြင့် လစဉ် ကျပ်တစ်ဘီလျံကျော်အတိုးပေးရမည်ဖြစ်သဖြင့် ချေးငွေပမာဏများပါက ပြန်ဆပ်ရမည့် အတိုးပမာဏမှာလည်း များပြားမည်ဖြစ်သည်ဟု ဦးမျိုးမြင့်က ရှင်းပြသည်။

“ဘဏ်တွေက သုံးလတစ်ကြိမ် ပေးရမယ်ဆိုတော့ သုံးဘီလျံကျော်ဖြစ်သွားမယ်။ တစ်နှစ်ဆို ၁၃ ဘီလျံ။ မဆပ်နိုင်လို့ အတိုးအရင်းပေါင်းရင် ပိုပြီးအတိုးများလာမယ်။ အဲဒီတော့ အတိုးပေါ်အတိုးဆင့်ရင်း သူတို့ခက်ခဲလာတာ ဖြစ်နိုင်တယ်” ဟု  ဦးမျိုးမြင့်က ပြောကြားသည်။

ပြည်တွင်းဘဏ်များက အာမခံအမျိုး အစားအလိုက် ချေးငွေထုတ်ပေးမှုတွင် မြေနှင့် အဆောက်အအုံအတွက် အများဆုံး ထုတ်ချေးပေးထားပြီး စုစုပေါင်းချေးငွေ၏ ၇၇ ရာ ခိုင်နှုန်းကျော်ရှိကာ ကျပ် ၁၅၃၅၇ ဘီလျံကျော် ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၆ -၂၀၁၇  ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားမှုအရသိရသည်။

ထိုသို့ ချေးငွေများထုတ်ချေးပေးထားသော်လည်း ဘဏ်များတွင် အပ်ငွေများ ပိုလျှံနေပြီး ဘဏ်အပ်သူများကိုပင် ငွေများအပ်ထားပါကလည်း အတိုးပေးမည်မဟုတ်ဟု အကြောင်းကြားထားသဖြင့် အပ်ငွေများထုတ်၍ အခြားဘဏ်များသို့ ခွဲဝေအပ်ရသည့် အခြေအနေများလည်းရှိနေကြောင်းနှင့် ဘဏ်များအနေဖြင့် လက်ရှိတွင် တရားစွဲမည့်အစား တစ်နှစ်ခန့် သက်တမ်းတိုးပေးခြင်း၊ အတိုးငွေသီးသန့်ဆပ်ခိုင်းခြင်းများ လုပ်ဆောင်ပါက တရားစွဲဆိုခံရမည့် လုပ်ငန်းရှင်များအတွက် ထွက်ပေါက်ဖြစ်နိုင်ကြောင်း ဦးမျိုးမြင့်က သုံးသပ်သည်။

လက်ရှိအခြေအနေတွင် ပြည်တွင်းဘဏ်များ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခက်ကြုံနေရသည်မှာ အရှိတရားဖြစ်နေပြီး အဆိုပါအခြေအနေအပေါ် ဗဟိုဘဏ်အနေဖြင့် သိရှိမှုရှိမရှိနှင့် သိရှိနေသည်ဆိုပါက ညွှန်ကြားချက်များကိုသာ အသေဆုပ်ကိုင်ပြီး ဘဏ်များပြိုကျသည်ကို စောင့်ကြည့်မလားဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က မေးခွန်းထုတ်ထားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဦးစိုးသိန်းကမူ လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေသည်ကို သိရှိသော်လည်း အဆိုပါငွေများမှာ ဘဏ်များ၏ ပိုက်ဆံမဟုတ်ဘဲ ပြည်သူများ၏ ပိုက်ဆံသာဖြစ်ကြောင်းနှင့် အချိိန်များစွာစောင့်ဆိုင်းပေးခဲ့ပြီးဖြစ်သည့်အတွက် ထပ်မံ၍ လျှော့ပေးတော့မည်မဟုတ်ကြောင်း ဖြေကြားထားသည်။

 

 


READ NEXT
Cancel OK