Top News

ကမ္ဘာ့ဘေးကင်းလုံခြုံမှုအရှိဆုံး မြို့များစာရင်း၌ အာရှ-ပစိဖိတ်ဒေသမှမြို့များ လွှမ်းမိုးနေသော်လည်း ရန်ကုန်ကဲ့သို့သောမြို့များက အဆင့်အနိမ့်ဆုံးမြို့များ ဖြစ်နေ
24htopnews | December 5, 2024 1:12 PM CST

Economist Intelligence Unit အဖွဲ့က ကမ္ဘာ့ဘေးကင်းလုံခြုံမှုအရှိဆုံး မြို့များစာရင်းကို ထုတ်ပြန်ခဲ့ရာ ယင်းစာရင်းတွင် ထိပ်ပိုင်း၌ အာရှ-ပစိဖိတ်ဒေသမှမြို့များက လွှမ်းမိုးနေသော်လည်း ရန်ကုန်အပါအဝင် ယင်းဒေသမှ အချို့မြို့များသည် အဆင့်အနိမ့်ဆုံးဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရန်ကုန်မြို့သည် အဆိုပါစာရင်း၌ အဆင့် ၅၈ ၌ ရှိနေသည်။ အာရှ-ပစိဖိတ်ဒေသမှ အခြားမြို့များဖြစ်သော ပါကစ္စတန်မှ ကရာချိမြို့သည် အဆင့် ၅၇ ၌လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒါကာမြို့သည် အဆင့် ၅၇ ၌လည်းကောင်း၊ အိန္ဒိယနိုင်ငံမှ နယူးဒေလီမြို့သည် အဆင့် ၅၃ ၌လည်းကောင်း အသီးသီးရပ်တည်နေသည်။

အဆိုပါမြို့များသည် အဆင့်နိမ့်ရခြင်းမှာ အခြားအကြောင်းခြင်းရာများထက် ဒီဂျစ်တယ်ဆိုင်ရာ လုံခြုံရေး ကောင်းမွန်ခြင်းမရှိမှုကလည်း  အဓိကကျသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု၏ ၀ါရှင်တန်ဒီစီသည် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး ၁၀ မြို့စာရင်း၌ ပါဝင်လာပြီး ဟောင်ကောင်သည် သိသိသာသာ အဆင့်ကျဆင်းသွားသည်။

ဂျပန်နိုင်ငံ၏ တိုကျိုမြို့သည် အဆိုပါစာရင်းတွင် တတိယအကြိမ်အဖြစ် အဆင့် ၁ နေရာ၌ ရပ်တည်နေပြီး စင်ကာပူနှင့် အိုဆာကာမြို့များသည်လည်း အဆင့် ၂ နှင့် ၃ နေရာ တို့ကို အသီးသီးဆက်လက်ထိန်းထားနိုင်ခဲ့သည်။

နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်သည့်စာရင်း၌ ဟောင်ကောင်သည် ၂၀၁၇ ခုနှစ်က အဆင့် ၉ နေရာ၌ ရပ်တည်ခဲ့သော်လည်း ယခု ၂၀၁၉ ခုနှစ်တွင် အဆင့် ၂၀ နေရာသို့ ကျဆင်းသွားသည်။ ၂၀၁၇ ခုနှစ်က ၀ါရှင်တန်ဒီစီသည် အဆင့် ၂၃ နေရာ၌သာ ရှိခဲ့သည်။

ထိပ်ဆုံး ၁၀ နိုင်ငံစာရင်း၌ အာရှ-ပစိဖိတ်ဒေသမှ မြို့များက လွှမ်းမိုးထားရာ ယင်း ၁၀ နိုင်ငံ၌ ဆစ်ဒနီ၊ ဆိုးလ်နှင့် မဲလ်ဘုန်းမြို့များလည်း ပါဝင်သောကြောင့် အာရှ-ပစိဖိတ်ဒေသမှ ခြောက်နိုင်ငံပါဝင်ခြင်းဖြစ်သည်။ ယင်း ၁၀ နိုင်ငံ၌ပါဝင်သည့် အခြားမြို့သုံးမြို့မှာ အမ်စတာဒမ်၊ ကိုပင်ဟေဂင်နှင့် တိုရွန်တိုမြို့များဖြစ်ကြသည်။

လန်ဒန်နှင့် နယူးယောက်မြို့တို့သည် အဆင့်ခြောက်ဆင့် ခုန်တက်လာပြီး အဆင့် ၁၄ နှင့် ၁၅ အသီးသီးရရှိကြသည်။

ထိပ်ဆုံး ၂၄ နိုင်ငံစာရင်း၌ ပါဝင်သော ဥရောပမြို့များမှာ ပါရီ၊ ဖရန့်ဖတ်၊ ဇူးရစ်နှင့် စတော့ဟုမ်းမြို့များဖြစ်ပြီး အမေရိကန်မြို့များမှာ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်နှင့် ဒါးလက်စ်မြို့များဖြစ်ကြသည်။

အဆိုပါစာရင်းသည် တိုက်ကြီးငါးတိုက်မှ မြို့ပေါင်း ၆၀ ကို လွှမ်းခြုံသည့်သဘောဖြင့် မြို့ပြဘေးကင်းလုံခြုံမှု သုံးသပ်ရန်အတွက်  ဒီဂျစ်တယ်၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအကြောင်းခြင်းရာများကို စစ်ဆေးပြီးနောက် အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။

ယင်းစာရင်း၌ ထိပ်ပိုင်း၌ဦးဆောင်နေသော မြို့များသည် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုကို အလွယ်တကူရရှိနိုင်ခြင်း၊ ဆိုက်ဘာလုံခြုံရေးအသင်းအဖွဲ့များ၏ အကူအညီရရှိခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် စီမံကိန်းများရှိခြင်းနှင့် လူ့အသိုင်းအဝိုင်းအခြေပြု ရဲတပ်ဖွဲ့၏ ကင်းလှည့်မှုများရှိခြင်း အစရှိသည့် အချက်များနှင့် ပြည့်စုံကြောင်း ပြသနေသည်။

“လွှမ်းခြုံသဘောအနေနဲ့ ချမ်းသာကြွယ်ဝမှုဟာ ဘေးကင်းလုံခြုံရေးကို ဆုံးဖြတ်တဲ့ အရေးကြီးဆုံးအချက်ထဲမှာ ပါဝင်ပေမဲ့ ပွင့်လင်းမြင်သာမှုနဲ့ အုပ်ချုပ်ရေး အဆင့်အတန်းတွေကလည်း အမှတ်ပေးမှုမှာ ဝင်ငွေလိုပဲ အနီးကပ်ဆက်နွှယ်မှုရှိပါတယ်” ဟု ယခုနောက်ဆုံး ဘေးကင်းလုံခြုံမှုရှိသော မြို့များဆိုင်ရာ အစီရင်ခံစာကို ရေးသားသည့်အဖွဲ့မှ အယ်ဒီတာနာကာကွန်ဒိုက ပြောကြားခဲ့သည်။

“အခု သုတေသနက ကွဲပြားခြားနားတဲ့ ဘေးကင်းလုံခြုံမှုအမျိုးအစားတွေ အသေအချာ ဆက်နွှယ်ပတ်သက်နေပုံကိုလည်း မီးမောင်းထိုးပြနေပါတယ်။ ဘေးကင်းလုံခြုံမှုဆိုင်ရာ မဏ္ဍိုင်တစ်ခုမှာ ရလဒ်အလွန်ကောင်းပြီး တခြားအချက်တွေမှာ နောက်ကျကျန်နေတယ်ဆိုတဲ့ မြို့မျိုးက အလွန်ရှားပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 

 


READ NEXT
Cancel OK