ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး- မိုင်းရယ်-တန့်ယန်းသွားလမ်းပေါ် နမ့်ပေါင်ကျေးရွာ ခလရ (၂၉၁) အနီးတွင် သြဂုတ် ၂၉ ရက် နံနက်ပိုင်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသဖြင့် တိုက်ပွဲရှောင်သူများ နယ်မြေအခြေအနေ နားစွင့်နေပြီး အိမ်ပြန်ရန် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
နမ့်ပေါင် ကျေးရွာအနီးရှိ ခလရ (၂၉၁) အနီးတွင် သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံများအနေဖြင့် နေအိမ်ပြန်ရန် ခက်ခဲနေပြီး စိုးရိမ်နေရကြောင်း သိရသည်။
“အခုတော့ နည်းနည်း ငြိမ်သွားပြီ။ မနက်က တစ်ချိန်လုံး ပစ်နေတယ်။ လက်နက်ကြီးသံတွေက မနေ့ကထက်ကို ပိုကြားနေရတယ်။ အခုတော့ အသံက နည်းနည်းဝေးသွားပြီ။ စစ်တပ်ဘက်မှာ ဖြစ်နေတာပါ။ လက်နက်ကြီးသံက မနေ့ကထက် နှစ်ဆလောက် ပိုကျယ်နေတယ်။ ရွာထဲကိုတော့ လက်နက်ကြီး မကျပါဘူး။ မနေ့ကတော့ လက်နက်ကြီး သုံးလုံး ရွာနားမှာ ကျတာရှိပါတယ်။ ထိခိုက်မှုတော့ မရှိပါဘူး”ဟု နမ့်ပေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောကြားသည်။
စစ်ဘေးရှောင်သူများသည် နမ့်ပေါင်ကျေးရွာမှ ဒေသခံများအပြင် ရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသူ ရွာသားများလည်း နမ့်ပေါင်ကျေးရွာရှိ မြို့လယ်ကျောင်း နှင့် ဝေဠုဝန်ကျောင်းတို့တွင် သွားရောက်ခိုလှုံ နေကြကြောင်း သိရသည်။
“တိုက်ပွဲဖြစ်နေတာက စစ်တပ်နားလေးမှာ ဖြစ်ဖြစ်နေတာ ဆိုတော့ တပ်နဲ့နီးတဲ့ ရပ်ကွက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေရယ်၊ တိုက်ပွဲဖြစ်ရာ လမ်းတစ်လျှောက်က ရွာတွေက ဒေသခံတွေရယ် ဘုန်းကြီးကျောင်းတွေမှာ သွားရောက် စစ်ဘေးရှောင်နေကြရတာပေါ့။ ကျွန်မတို့လည်း အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲဘူး။ စျေးဆိုင်တွေလည်း ဘယ်ဆိုင်မှ မဖွင့်ကြဘူး။ လမ်းပေါ်မှာလည်း လူအသွားအလာ သိပ်မရှိဘူး” ဟု နမ့်ပေါင်ကျေးရွာနေ နန်းသဇင်ဦးက ပြောကြားသည်။
နမ့်ပေါင်ကျေးရွာအနီး တိုက်ပွဲများဖြစ် ပွားနေခြင်းကြောင့် လားရှိုး-မိုင်းရယ်ခရီး သည်တင်ယာဉ်များ ပုံမှန်ပြေးဆွဲနိုင်ခြင်း မရှိ သေးဘဲ နယ်မြေအခြေအနေသတင်းအား စောင့်ဆိုင်းနားထောင်နေရကြောင်း သိရ သည်။
“ကျွန်တော်တို့ဂိတ်က ကားမထွက်တာ နှစ်ရက်ရှိနေပါပြီ။ လွန်ခဲ့တဲ့ တစ်ရက်ကျော်က မိုင်းရယ်ကနေ ထွက်လာတဲ့ ကားတောင် ဒီနေ့မှ လားရှိုးကို ဝင်တာပါ။ လမ်းမှာ တိုက်ပွဲ တွေဖြစ်နေလို့ ကားတွေ နမ့်ပေါင်နဲ့ မိုင်းရယ် ကြားက နမ္မဗောဒကျေးရွာမှ နားနေခဲ့ရတယ်။ကားကတော့ လက်မှတ်ရောင်းတယ်။ ဒါပေမဲ့ ကားမထွက်ဖြစ်ဘူးဆိုရင်တော့ ငွေပြန်အမ်း ပေးလိုက်တယ်။ ခုထိတော့ ကျွန်တော်တို့ဂိတ် က ကားတွေ မထွက်တာ နှစ်ရက်ရှိနေပါပြီ”ဟု လားရှိုး- မိုင်းရယ် ခရီးသည်တင်ယာဉ်လိုင်း ရွှေမိုင်းရယ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
တိုက်ပွဲများဖြစ်ပွားရာ နမ့်ပေါင်ကျေးရွာ သည် လားရှိုး-မိုင်းရယ်-တန့်ယန်း လမ်းပေါ် တွင် တည်ရှိနေပြီး လားရှိုးမြို့နှင့် ၂၆ မိုင်သာ ကွာဝေးသည့်ကျေးရွာဖြစ်သည်။
နမ့်ပေါင်ကျေးရွာမှ စစ်ဘေးရှောင်သူ များသည် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်း၊ မေတ္တာရင်ခွင် ပရဟိတဂေဟာ၊ နမ့်ပေါင်ကျေးရွာရှိ မြို့လယ်ကျောင်းနှင့် ဝေဠုဝန်ကျောင်းတို့တွင် တိမ်းရှောင်နေကြရပြီး တိမ်းရှောင်နေသူ ဦးရေမှာ ၈၀၀ ကျော်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
