Top News

ပုဂ္ဂလိက ဆေးကုခန်းအချို့တွင် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူများ ဆေးကုသနေသည်ဟု သံသယရှိပါက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသို့ တိုင်ကြားရန် နှိုးဆော်
24htopnews | December 5, 2024 1:12 PM CST

ပုဂ္ဂလိက ဆေးကုခန်းအချို့တွင် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူများ ဆေးကုသနေသည်ဟု သံသယရှိပါက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသို့ တိုင်ကြားနိုင်ကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်မှ သိရသည်။

“ကျွန်တော်တို့ ကော်မတီက ဆောင်ရွက်နေတာကတော့ လူမှုကွန်ရက် စာမျက်နှာမှာ ကျော်စောသတင်း ဖြစ်နေတဲ့ ဆေးခန်းတွေ ရှိပါတယ်။ လူထုကလည်း တိုင်ကြားတာ ရှိတယ်။ အဲဒါတွေကို ဦးစားပေးပြီး ဆောင်ရွက်ပါတယ်။ ရန်ကုန်တိုင်းမှာက ဒီလိုဆေးခန်းတွေ အများအပြား ရှိနေတယ်။ ကနဦးကတော့ ကျော်စောသတင်း၊ အလွန်အကျူးကြော်ငြာတဲ့ ဆေးခန်းနဲ့ တရားမဝင် ဆေးကုသနေသူတွေ ရှိတယ်လို့ သတင်းရတဲ့ ဆေးခန်းတွေကို ဦးစားပေးပြီး ဆောင်ရွက်ဖို့ရှိပါတယ်။ ကျန်တာကတော့ ရှောင်တခင် မဟုတ်ဘဲနဲ့ ပုံမှန် စစ်နေတာတွေလည်း ရှိပါတယ်။ ဒီဆေးခန်းတွေနဲ့ ပတ်သက်လို့ လူထုအနေနဲ့လည်း တစ်စုံတစ်ရာ တိုင်ကြားလိုတာရှိရင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို သတင်းပေး တိုင်ကြားနိုင်ပါတယ်”ဟု ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင် ဒေါက်တာထွန်းမြင့်၏ ပြောကြားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းက ဒေါပုံမြို့နယ်ရှိ Friendly Clinic ဆေးကုခန်းတွင် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူ၊ ခွဲစိတ်ခန်းနှင့် တရားမဝင် ဆေးဝါးများဖြင့် ဆေးကုသနေသည့်အတွက် ဥပဒေအရ တရားစွဲဆို အရေးယူခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလအတွင်းကလည်း ရန်ကုန်မြို့လယ်ရှိ  ပုဂ္ဂလိက ဆေးကုခန်း ခြောက်ခုကို ရှောင်တခင် စစ်ဆေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံခြားသား တရားမဝင် ဆေးကုသသူ၊ တရားမဝင် ဆေးဝါးနှင့် ခွဲစိတ်ခန်းများ ပါဝင်သည့် ဆေးခန်းများအား ဥပဒေအရ တရားစွဲဆို အရေးယူခဲ့ကြောင်းနှင့် စစ်ဆေးရာတွင် မရမ်းကုန်း၊ လှိုင်၊ ကြည်မြင်တိုင်၊ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်များအတွင်းရှိ ပုဂ္ဂလိက ဆေးကုခန်း ခြောက်ခုကို စစ်ဆေးခဲ့ရာ ယင်းတို့အနက် လှိုင်မြို့နယ်ရှိ ရောင်နီဦး ဆေးခန်းတွင် တရားမဝင် ဆေးဝါးနှင့် ခွဲစိတ်ခန်းများ တွေ့ရှိခဲ့သည့်အတွက် အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေများဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

နေဝန်းဆေးခန်းတွင်မူ တရားမဝင် ဆေးဝါးများနှင့် နိုင်ငံခြားသား ဆေးကုသနေသူ ရှိသည့်အတွက် အမျိုးသားဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေများဖြင့် အရေးယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“ဆေးခန်းတွေကို စစ်ဆေးမှုအတွေ့အကြုံအရ သွားစစ်ရင် ပိုင်ရှင်ဆိုတာ တိုက်ရိုက် မတွေ့ဘဲ တာဝန်ခံလောက်ပဲ တွေ့ရတယ်။ နောက် စစ်လိုက်လို့ရှိရင် ဆေးကုပေးနေတဲ့ သူတွေအများစုက တရုတ်နိုင်ငံသားတွေ။ တချို့ ဆေးခန်းတွေက မြန်မာဆရာဝန်တွေ နာမည် ကို ခံထားပြီး တရုတ်နိုင်ငံသားတွေက ကုနေကြတာ။ ဒါတွေလည်း တွေ့တယ်။ နောက် တချို့ဆေးခန်းတွေရဲ့ လူနာမှတ်တမ်း စာအုပ်တွေကို ကြည့်ရင် ဆေးကုသတဲ့သူ နာမည်ကို တိတိကျကျ မဖော်ပြထားဘူး။ နောက်တစ်ခုက ဆေးခန်းကို လူတွေသိအောင်  Facebook ကို  Data စစ်တမ်းကောက်ပြီးတော့ Like ဘယ်လောက်လုပ်လဲ၊ Follower ဘယ်လောက်ရှိလဲ၊ လွှမ်းခြုံနှုန်း ဘယ်လောက်ရှိလဲ သူတို့ကို Comment ပေးပြီး မေးထားပြောထားတဲ့ အရေအတွက် ဘယ်လောက်ရှိလဲ သူတို့ ဒီအွန်လိုင်းအပေါ်မှာ ငွေကြေး သုံးစွဲမှုတွေကိုလည်း သေသေချာချာလုပ်ပြီး Facebook ကနေ အကြီးအကျယ် ကြော်ငြာတာကို တွေ့ရပါတယ်”ဟု ဆေးခန်းစစ်ဆေးမှုတွင် ပါဝင် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရန်နောင်ထွန်းက ပြောကြားသည်။

 

 


READ NEXT
Cancel OK