Top News

ရန်ကုန်မြို့တွင် တစ်နေ့လျှင် ပလတ်စတစ် အမှိုက်ပေါင်း တန် ၃၀၀ ထွက်ရှိနေပြီး တန် ၃၀ ခန့်သည် သဘာဝပတ်ဝန်းကျင်ထဲသို့ ပျံ့နှံ့နေ
24htopnews | December 5, 2024 1:12 PM CST

ရန်ကုန်မြို့တွင် တစ်နေ့လျှင် ပလတ်စတစ ်အမှိုက်ပေါင်း တန် ၃၀၀ ထွက်ရှိနေပြီး တန် ၃၀ ခန့်သည် သဘာဝပတ်ဝန်းကျင်ထဲသို့ ပျံ့နှံ့နေကာ ၂၄ တန်သည် ရန်ကုန်မြစ်ထဲသို့ စွန့်ပစ်အမှိုက်များအနေဖြင့် ရောက်ရှိနေကြောင်း “သန့်မြန်မာ” ၏ လေ့လာတွေ့ရှိမှုများအရ သိရသည်။

သန့်မြန်မာအနေဖြင့် မြန်မာနိုင်ငံတွင် ပလတ်စတစ် သုံးစွဲမှု များပြားလာခြင်းကြောင့်  ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ကြုံတွေ့နေရသဖြင့် ပလတ်စတစ် သုံးစွဲမှုလျှော့ချရန် Zero Waste Challenge လှုပ်ရှားမှုကို ရက်သတ္တပတ် ၁၀ ပတ်ကြာ လုပ်ဆောင်နေကြောင်း သိရသည်။

“ရန်ကုန်မြို့မှာဆိုရင် တစ်နေ့ကို ပလတ်စတစ် အမှိုက်ပေါင်း တန် ၃၀၀ ထွက်ရှိနေတယ်။ ရန်ကုန်မှာ နေထိုင်တဲ့သူဆိုရင် တစ်နေ့ကို ပျမ်းမျှ အမှိုက်ပေါင်း ၀ ဒသမ ၈ ကီလိုဂရမ် ထွက်ရှိနေတယ်။ တစ်နှစ်လုံးအနေနဲ့ ခြုံငုံကြည့်ရင် ၂၉၂ ကီလိုဂရမ် ရှိပါတယ်။ ဒါကြောင့် ပလတ်စတစ် ညစ်ညမ်းမှုတွေကို လျှော့ချဖို့  Zero Waste Challenge လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတယ်” ဟု သန့်မြန်မာမှ မမေသက်ထွေးက ပြောကြားသည်။

သန့်မြန်မာ၏ ပလတ်စတစ်လျှော့ချ ရေးလ လှုပ်ရှားမှုကို ယခုလ ၁၂ ရက်နေ့မှ စတင်ခဲ့ပြီး တစ်ခါသုံး ပလတ်စတစ်အိတ် များအစား ပြန်လည် အသုံးပြု၍ရသည့် အိတ်များ အစားထိုးသုံးစွဲခြင်းဖြင့် စိန်ခေါ်မှုပြုလုပ်ရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် တစ်စက္ကန့်လျှင် ပလတ်စတစ်ရေသန့်ဘူး တစ်သန်းမျှ ဝယ်ယူ လျက်ရှိပြီး နှစ်စဉ်သန်းပေါင်း ငါးသန်းသည် တစ်ခါသုံး ပလတ်စတစ်အိတ်များကို အသုံး ပြုနေကြကြောင်းနှင့် သုံးစွဲသောပလတ်စတစ် အားလုံး၏ ရာခိုင်နှုန်း ၈၀ သည် တစ်ကြိမ်တစ် ခါတည်းသာ အသုံးပြုကြပြီး နှစ်စဉ် ပလတ် စတစ်တန်ချိန်ပေါင်း ၁၃ သန်းအထိ သမုဒ္ဒရာများအတွင်းသို့ စီးဝင်မျောပါလျက်ရှိကြောင်း သိရသည်။

ပင်လယ်အတွင်းရောက်ရှိသွားသည့်  ပလတ်စတစ်များသည် သန္တာကျောက်တန်း များကို ပျက်စီးစေသည့်အပြင် ထိရှလွယ်သည့် ရေသတ္တဝါများ၏ အသက်ကို ခြိမ်းခြောက်အန္တရာယ်ပြုလျက်ရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ထုတ်လုပ်လျက်ရှိသော ပလတ်စတစ်များ၏ ၁၀ ရာခိုင်နှုန်းကို သာ ပြန်လည်အသုံးပြုနေပြီး ပလတ်စတစ် များမှာ မြေကြီးထဲတွင်သော်လည်းကောင်း၊ သမုဒ္ဒရာထဲတွင်သော်လည်းကောင်း အမှိုက် များအဖြစ် ဆက်လက် တည်ရှိနေကာ သမုဒ္ဒရာထဲရှိ ပလတ်စတစ်အမှိုက်များ၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ ဖျော်ရည်ပိုက်များနှင့် အိတ်ခွံများ ဖြစ်ကြောင်း သိရသည်။

တစ်ခါသုံး ပလတ်စတစ်ပိုက်များသည် အသုံးပြုရန် ၁၀ မိနစ်သာ ကြာမြင့်သော်လည်း ပတ်ဝန်းကျင်တွင် ယင်းပလတ်စတစ် ပိုက်များ ပျက်စီးရန် နှစ်ပေါင်းများစွာ ကြာမြင့်သဖြင့် တစ်ခါသုံး ပလတ်စတစ်ပိုက်များ  မထည့်ရန် တောင်းဆိုခြင်းဖြင့် ပိုက်သုံးခြင်းကို လုံးဝလျှော့ချရေး နှိုးဆော်ထားကြောင်း သိရသည်။

 


READ NEXT
Cancel OK