Top News

■ တောင်ကိုရီးယားသမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်း
24htopnews | December 5, 2024 5:12 PM CST

■ တောင်ကိုရီးယားသမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်း

■ အာဏာရပါတီက အစိုးရအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးကို နုတ်ထွက်ရန် တိုက်တွန်း

 

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ဒီဇင်ဘာ ၃ ရက်တွင် အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

မြောက်ကိုရီးယားကို ထောက်ခံသည့် အတိုက်အခံများသည် လွှတ်တော်ကို ထိန်းချုပ်နေပြီး နိုင်ငံတော်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများလုပ်ဆောင်နေကြောင်း ယွန်းက ပြောကြားခဲ့ပြီး အရေးပေါ်စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့ခြင်းဖြစ်သည်။

ယွန်း၏ ကြေညာချက်ထွက်ပေါ်ခဲ့ပြီး နှစ်နာရီမပြည့်မီအချိန်မှာပင် တောင်ကိုရီးယားလွှတ်တော်က သမ္မတ၏ကြေညာချက်ကို မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့သည်။

လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက် မကြာမီအချိန်မှာပင် ယွန်းက အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယွန်း၏ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာပြီးနောက် မကြာမီအချိန်အတွင်းမှာပင် တောင်ကိုရီးယားပြည်သူများက လွှတ်တော်ရှေ့တွင် ဆန္ဒပြခဲ့ကြပြီး တောင်ကိုရီးယား၏ ဝမ်ငွေ တန်ဖိုးသည်လည်း ကျဆင်းသွားခဲ့သည်။

တောင်ကိုရီးယားလွှတ်တော်၏ အတွင်းရေးမှူးချုပ်ကမူ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချိန်အတွင်း ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုနှင့် တရားမဝင် လုပ်ဆောင်ချက်များအတွက် စစ်တပ်က တာဝန်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒီနေ့ကစပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့ အစရှိတဲ့ အဖွဲ့တွေကို လွှတ်တော်ထဲကိုဝင်ခွင့် အလုံးစုံ တားမြစ်ပိတ်ပင်လိုက်ပါပြီ" ဟု လွှတ်တော်အတွင်းရေးမှူးချုပ် ကင်မင်ကီက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချိန်အတွင်း စစ်သား ၂၃၀ ခန့်သည် လွှတ်တော်အတွင်းသို့ ရဟတ်ယာဉ်များဖြင့် ၂၄ ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ယွန်း၏အစိုးရအဖွဲ့ထဲမှ ထိပ်သီးအရာရှိများက ရာထူးမှနုတ်ထွက်စာများ တင်ခဲ့ကြောင်း ယွန်ဟပ်သတင်း အေဂျင်စီ က ဖော်ပြခဲ့သည်။

ထို့ပြင်အတိုက်အခံများကလည်း ယွန်းကို သမ္မတရာထူးမှနုတ်ထွက်ရန် တောင်းဆိုနေပြီး ယွန်း၏ အာဏာရပါတီဖြစ်သည့် ပြည်သူ့အင်အား ပါတီကလည်း ယွန်းကို ပါတီမှ ထွက်ခွာရန်၊ အစိုးရအဖွဲ့အားလုံးနုတ်ထွက်ရန်၊ ကာကွယ်ရေးဝန်ကြီး ကင်ယွန်ဟွမ်ကို နုတ်ထွက်ရန် တိုက်တွန်းခဲ့သည်။

 


READ NEXT
Cancel OK