Top News

သီတဂူဆရာတော် သက်တော် ၈၂ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် သီလရှင် အပါး ၁၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူ
24htopnews | December 5, 2024 6:12 PM CST

အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၏ သက်တော် ၈၂ ပြည့် မွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် မတ် ၁၈ ရက် နံနက်ပိုင်းတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီလရှင် ဆရာကြီး၊ ဆရာလေး အပါးတစ်ထောင်အား ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူသည့် အခမ်းအနား၌ စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးနေထိုင်သည့် သီလရှင်ဆရာကြီး၊ ဆရာလေး အပါးတစ်ထောင်အား၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သီတဂူဝန်ဆောင် သံဃအဖွဲ့နှင့် တပည့်ဒါယိကာ၊ ဒါယိကာမများ၊ အနယ်နယ် အရပ်ရပ်မှ ကုသိုလ်ရှင်များမှ လှူဖွယ်ပစ္စည်းမျိုးစုံ လောင်းလှူခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်၏ သက်တော် ၈၂ ပြည့် မွေးနေ့အထိမ်းအမှတ်ဖြင့် တပေါင်းလဆန်း ၁၃ ရက်နေ့ ယနေ့ (မတ် ၁၈) ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် သီလရှင် ဆရာကြီး၊ ဆရာလေး အပါး ၁၀၀၀ တို့ကို ဆွမ်းကြီးလောင်းလှူခဲ့ပြီး၊ တပေါင်းလဆန်း ၁၄ ရက်နေ့ (မတ်လ ၁၉) ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် ပင့်သံဃာ အပါး ၁၀၀၀ တို့ကို စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွင် ဆွမ်းကြီးလောင်းလှူ သွားမည်ဖြစ်ကြောင်း သိရသည်။



ထို့ပြင် တပေါင်းလပြည့်နေ့ (မတ်လ ၂၀ ) ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် အဖြူရောင် ဆေးသင်္ကန်း ကပ်လှူပြီးဖြစ်သော ကောင်းမှုတော် စေတီတော်မြတ်ကြီးကို စစ်ကိုင်းမြို့ရှိ ပင့်သံဃာ အပါး ၁၀၀၀ တို့ဖြင့် ဗုဒ္ဓါဘိသေကာ အနေကဇာတင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပသွားမည်ဖြစ်ပြီး ထိုအနေကဇာတင် သံဃာအပါး ၁၀၀၀ တို့အား သီတဂူဆရာတော်ကြီး သက်တော် ၈၂ ပြည့် မွေးနေ့အထိမ်းအမှတ်ဖြင့် သင်္ကန်း၊ ထီး၊ ဖိနပ်၊ ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ဖြင့် ဆွမ်းကြီးလောင်းလှူ သွားမည်ဖြစ်ကြောင်း သီတဂူဝန်ဆောင် သံဃအဖွဲ့ထံမှ သိရသည်။

ထို့အပြင် မန္တလေး၊ ရန်ကုန်နှင့် တောင်ငူမြို့တို့ရှိ သီတဂူ ဗုဒ္ဓတက္ကသိုလ်များမှ သံဃာတော်အပါး ၁၀၀၀ တို့ အား လှူဖွယ်ပစ္စည်းများကို ကျောင်းအရောက် ပို့ဆောင်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရပြီး တပေါင်းလပြည့်နေ့(မတ်လ ၂၀ )ရက်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် သီတဂူတပည့် သံဃာတော်များနှင့် ဒကာ၊ ဒကာမ အပေါင်းတို့က သီတဂူဆရာတော် ဘုရားကြီးအား ပူဇော်ကန်တော့၍ သြဝါဒတရား နာကြားခြင်းနှင့် ကုသိုလ်အစုစုတို့ အတွက် ရေစက်ချအမျှပေးဝေခြင်း အခမ်းအနား ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK