Top News

မွန်ဂိုလီးယား ဒိုဂျင်းကုမ္ပဏီက ရွှေနှင့် သတ္တုအကြီးစားရှာဖွေရေးအတွက် ပူတာအိုခရိုင်အတွင်း ဧကပေါင်း ငါးသိန်းခန့်ကို လျှောက်ထား
24htopnews | December 5, 2024 6:12 PM CST

မွန်ဂိုလီးယား ဒိုဂျင်းကုမ္ပဏီက ရွှေနှင့် သတ္တုအကြီးစား ရှာဖွေရေး ပူတာအိုခရိုင်အတွင်း ဧကပေါင်း ငါးသိန်းခန့်ကို လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မွန်ဂိုလီးယား ဒိုဂျင်းကုမ္ပဏီက ရွှေနှင့် သတ္တုအကြီးစား ရှာဖွေရေး၊ တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျှောက်ထားမှုကို သစ်တောဦးစီးဌာန၏ သဘောထားမှတ်ချက်ပေးနိုင်ရန် ဇန်နဝါရီ နောက်ဆုံးအပတ်က သစ်တောဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းစစ်ဆေးသည့် အစီအရင်ခံစာအရ မွန်ဂိုလီးယားဒိုဂျင်းကုမ္ပဏီက လျှောက်ထားသည့် နေရာသည် ဧကပေါင်း ၄၉၂၉၀၀ ကျယ်ဝန်းပြီး ဖုန်ကန်ရာဇီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း ၅၉၀၀ ဧကခန့်၊ ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်အတွင်း ၁၂၈၀၀၀ ဧကခန့်၊ ရှန်ခကြိုးပြင် ကာကွယ်တောအတွင်း ၃၅၀၀ ဧကခန့်၊ အစိုးရစီမံခန့် ခွဲပိုင်ခွင့်ရှိသည့် မြေအတွင်း ၃၅၅၅၀၀ ဧကခန့် ကျရောက်နေကြောင်း သိရသည်။ 

နောင်မွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က “မြေပုံအရတော့ ကျွန်တော့်မဲဆန္ဒနယ် မြေထဲမှာပါတယ်။ ကျွန်တော့်ကိုတော့ အကြောင်းကြားတာ မရှိဘူး။ အမျိုးသား ဥယျာဉ်၊ ကြိုးပြင်ကာကွယ်တောနှင့် ရွာတွေရှိတော့ အကောင်အထည်ဖော်လို့ မဖြစ်နိုင်ဘူး ထင်တယ်။ ရွှေထွက်တယ်။ ရွှေကျင်တာမျိုးလည်း နောင်မွန်မြို့နယ်ထဲမှာတော့ လုပ်ခဲ့ကြတာမရှိဘူး။ တကယ်လို့ လုပ်ကြရင်လည်း ဒေသခံတွေ ကန့်ကွက်ကြဖို့ များတယ်။ ကျွန်တော်ကတော့ ကြားခံအဖွဲ့တွေ လုပ်စားတာ ထင်တယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက စမ်းသပ်တိုင်းတာမှုများကို ပြည်ထောင်စု ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်ပါကြောင်း၊ ယင်းကိစ္စကို မိမိအနေဖြင့် မသိရသေးကြောင်း၊ ထုတ်လုပ်ခွင့်မှာ သက်ဆိုင်ရာဌာနများ၊ ဝန်ကြီးဌာနများ၊ ဒေသခံများ အဘက်ဘက်သဘောတူမှသာ လုပ်ဆောင်နိုင်သဖြင့် လုပ်ငန်းစဉ်မတူကြောင်း ပြောကြားသည်။

 


READ NEXT
Cancel OK