Top News

ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် လူဦးရေများပြားလာသော်လည်း ကူညီကယ်ဆယ်ရေး အထောက်အပံ့ရရှိမှုနည်းပါးနေ၍ စားနပ်ရိက္ခာအခက်အခဲများရှိလာ
24htopnews | December 5, 2024 6:12 PM CST

ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် လူဦးရေတိုးတက်များပြားလာသော်လည်း ကူညီကယ်ဆယ်ရေး အထောက်အပံ့ရရှိမှု နည်းပါးပြီး စခန်းရှိရာ ကျေးရွာသားများက ကျွေးမွေးစောင့်ရှောက်နေရသဖြင့် ရက်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ အခက်အခဲများရှိလာနိုင်ကြောင်း စစ်ဘေးရှောင်များစခန်းချရာ ရွာခံကျေးရွာသားများက ပြောကြားသည်။

မတ် ၁၄ ရက်ကစတင်ကာ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးချောင်းဝဲယာကျေးရွာတစ်ဆယ်ကျော်မှ ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး တိုက်ပွဲဖြစ်ပွားရာနှင့် ဝေးသည့်ကျေးရွာများသို့ သွားရောက်ခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ စစ်ဘေးဒုက္ခသည် တိုးတက်များပြားလားသည့် စစ်ဘေးရှောင်စခန်းများ မှာဗိုလ်မင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အောင်ဇေယျ ဘုန်းတော်ကြီးကျောင်း၊ အောက်မြတ်လှဲကျေးရွာ၊ သံပြင်ကျေးရွာ၊ ဆင်ထိန်းချေ (ခြင်္သေ့) ရွာဘုန်းတော်ကြီးကျောင်း ၊ဘဲခိုဘုန်းတော်ကြီးကျောင်း ၊ ယိုးတရုတ် ရွာဘုန်းကြီးကျောင်းနှင့် ကျောက်တော်မြို့ပေါ် ကယ်ဆယ်ရေးစခန်းများဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်ခန့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။

လူဦးရေလေးရာကျော်ခိုလှုံနေသည့် ကျောက်တော်မြို့နယ် ဗိုလ်မင်းရွာစစ်ဘေးရှောင်စခန်းတွင် ကူညီနေသူတစ်ဦးက “အခုစစ်ဘေးဒုက္ခသည်တွေက တစ်ရက်ထက်တစ်ရက် တိုးလာနေတယ်။ ပထမရောက်တဲ့နေ့က သုံးရာကျော်၊ အခုဆိုရင်လူဦးရေ ၄၂၅ ဦးရှိသွားပြီ။ ရွာကိုရောက်လာတဲ့ ဒုက္ခသည်တွေကို ရွာကလူတွေဝိုင်းပြီး ကျွေးမွေးစောင့်ရှောက်ထားရတယ်။ တစ်နေ့ကို ဆန်ငါးအိတ်နဲ့ ဟင်းဖိုးငွေ နှစ်သိန်းလောက်ကုန်ပါတယ်။ အလှူအဖွဲ့တွေ လာလှူတာ နည်းနေပါသေးတယ်။ အစိုးရကတော့ တစ်ခေါက်မှ လာရောက်ထောက်ပံ့တာ မရှိသေးဘူး။ ပထမ ထွက်ပြေးရောက်လာတဲ့အထဲမှာ ကလေးတွေ အမျိုးသမီးတွေများတယ်။သက်ကြီးရွယ်အိုတွေ များတယ်။ အခုနောက်ပိုင်းမှာ ရွာမှာ ကျန်နေတဲ့သူတွေတောင် ထိခိုက်ဒဏ်ရာရတာတွေ၊ နေအိမ်မှာ ကျည်ကျတာတွေ ရှိနေတဲ့အခါကျတော့ ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးလာကြသူတွေ ရှိနေတယ်။ တိုက်ပွဲတွေကလည်း နေ့ရော ညပါ ဖြစ်နေတဲ့အခါကျတော့ နေရပ်ပြန်ဖို့ အခြေအနေ မရှိသေးဘူး။ စခန်းမှာ လူထပ်တိုးဖို့ အခြေအနေပဲရှိတယ်။ ဒါကြောင့် ရက်ကြာလာရင် ကျွန်တော်တို့ရွာ တစ်ခုတည်းက ကူညီထောက်ပ့့ံ နေရတဲ့အခါကျတော့ စားနပ်ရိက္ခာအခက်အခဲ ရှိလာနိုင်ပါတယ်။ အစိုးရကလည်း ဒုက္ခသည်တွေကို အမြန်ဆုံး ကူညီထောက်ပံ့ပေးစေချင်ပါတယ်” ဟု ပြောကြားသည်။

လတ်တလောတွင် မြောက်ဦး၊ ကျောက်တော် မြို့ပေါ်တို့တွင် ညအချိန်ပစ်ခတ်သံများ ထွက်ပေါ်နေပြီး အဝေးပြေးကားလမ်း ဘေးကျေးရွာများတွင်ပင် နေအိမ်၊ ဘုန်းကြီးကျောင်းတို့၌ လက်နက်ကြီးကျည် ကျရောက်ခြင်း၊ နေအိမ်တွင်ရှိနေသည့် ကျေးရွာသားများ ကျည်ထိမှန်၍ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခြင်းများ တိုးတက်များပြားလာနေသဖြင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်လျက်ရှိပြီး နေရပ်စွန့်ခွာမှုများ တိုးတက်လာနေခြင်းဖြစ်ကြောင်း သိရသည်။

မတ် ၁၅ ရက် ညက မြောက်ဦးမြို့ပေါ် ရပ်ကွက်များတွင် ကျည်ဆန်ကျရောက်ခဲ့သဖြင့် ကျောက်ရာဇ်ကေရပ်ကွက်ချောင်းနားစု မှအမျိုးသမီးတစ်ဦးတွင် ယာဘက်ပေါင်ရင်းတွင် လက်နက်ကြီးကျည်ဆန်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့်အတွက် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။

အလားတူ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာ မုနိရတနာဘုန်းတော်ကြီးကျောင်းတိုက်နှင့် လူနေအိမ်အချို့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကန်စောက်ကျေးရွာရှိ ဆောက်လက်စ တိုက်နယ်ဆေးရုံအနီးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ မတ် ၁၆ ရက် ည ၁၂ နာရီခန့်တွင် လက်နက်ကြီးကျည် ကျရောက်သဖြင့် ကျောက်တော်မြို့နယ် ပေါင်းတုတ်ကျေးရွာမှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတွင် ပါးစပ်အား ထိမှန်ဒဏ်ရရှိခဲ့သဖြင့် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ကုသခံယူနေရကြောင်း သိရသည်။ အလားတူ လူနေအိမ်များလည်း လက်နက်ကြီးကျည် ကျရောက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK